
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာမှာ ဧပြီ ၁၂ ရက် မနက်က မီးလောင်ခဲ့တဲ့အတွက် လူနေအိမ်ခြေ ၄၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ဒေသခံ ရွာသားတွေထံက သိရပါတယ်။
မြောက်လူးကန်ကျေးရွာဟာ ပခုက္ကူလေဆိပ်အနောက်ဘက်မှာတည်ရှိပြီး လူနေအိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာဖြစ်ပြီး မီးလောင်မှုကြောင့် အခြေခံပညာစာသင်ကျောင်း လည်း မီးလောင်ပျက်စီးသွားပါတယ်။
အဲ့ဒီကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ပခုက္ကူ တပ်မ ၁၀၁ က စစ်အာဏာာရှင်တပ်က တပ်သား အယောက် ၃၀ ဝန်းကျင် အထိုင်ချ တပ်စွဲထားခဲ့တာ ၂ နှစ်ဝန်းကျင်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် ရောက်လာကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရင် ကြားညှပ်မှာစိုးတဲ့အတွက် ကျေးရွာကပြည်သူတွေက ရွာပြင်မှာထွက်ပြီးနေထိုင်နေကြတာလို့ ရွာခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “ရွာဘုန်းကြီးကျောင်းမှာ စစ်တပ်ရှိလို့။ စစ်ဖြစ်ရင် ကြားညှပ်မှာ စိုးရိမ်လို့ ရွာထဲမနေဘဲ ကိုယ့်လယ်ခင်း ကိုယ်တဲထိုးနေကြတာ ၂ နှစ်လောက် ရှိပါပြီ။ မီးစတင်လောင်ကျွမ်းရာ အနီး လူမနေကြတော့ မီးစလောင်တာ ဘယ်သူမှ မသိကြဘူး။ မီးရောင်မြင်မှ တဲအသီးသီးက လူစုပြီး လာကြတာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရွာပြင်ထွက်နေကြတာ ဆိုတော့ နေထိုင်စားသောက်ဖို့ အိုးခွက် စတဲ့အသုံးအဆောင်တွေ ယူထားကြတယ်။ ရွေ့ပြောင်း မလွယ်တဲ့ ပစ္စည်းတွေ မီးထဲပါသွားပေါ့”လို့ ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြောက်လူးကန်ကျေးရွာ မီးလောင်မှုဟာ တောမီးကြောင့်လောင်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေက ရှို့တာဆိုပြီး အမျိုးမျိုးရေးသားနေကြ ပါတယ်။
ဒေသခံပြည်သူတွေကတော့ ဒီမီးလောင်မှုဟာ တောမီးကစပြီးလောင်တာမဟုတ်ဘဲ ကျေးရွာ နေအိမ်တွေကနေ စလောင်တဲ့အတွက် စစ်တပ်က ရှို့တဲ့မီးလို့ ယူဆတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြောက်လူးကန်ရွာထဲတပ်စွဲထားတဲ့ စစ်တပ်က တပ်သားတွေက သင်္ကြန်ပြီးရင် ဒီရွာကနေပြန်မှာ ဖြစ်တဲ့အတွက် သူတို့မပြန်ခင် မီးရှို့သွားတာလို့လည်း ပြောကြပါတယ်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကောင်စီဘက်ကတော့ ပြောတာပေါ့ တောမီးကြောင့်လို့ ပြောတယ်။ တောမီးဆိုရင်တော့ သူတို့ အစောကြီး သိရမှာပေါ့၊ အခုကကျတော့ အိမ်တော်တော်များများကြီး တောက်လျှောက်ကြီး လောင်မှ သိရတာဆိုတော့လေ၊ အဲ့ကျတော့ ရွာခံတွေကတော့ စစ်ကောင်စီ ရှို့တယ်လို့ပဲ သတ်မှတ်တာပေါ့။ အဲဒါကလည်း ဘာလို့ သတ်မှတ်လဲဆိုတော့ ဒီသင်္ကြန်ပြီးလို့ရှိရင် ဒီစစ်ကောင်စီက သူတို့ တပ်စွဲထားတဲ့နေရာကနေ ပြန်ပြီးတော့ ထွက်မယ်ဆိုပြီးတော့ သတင်းတွေလည်း ထွက်ထားတာရှိတယ်လေ။ အဲဒါကြောင့်မို့လို့ စစ်ကောင်စီက ထွက်မှဆိုတော့ ပြန်မထွက်ခင်မှာ မီးရှို့သွားတယ်လို့လည်း ရွာခံတွေကတော့ ပြောတာပေါ့”လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် မြောက်လူးကန်ကျေးရွာက ပြည်သူ ၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။










