DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၁၂၀ ကျော် ထွက်ပြေးနေရ
DVB
·
July 18, 2023
သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၁၂၀ ကျော် ထွက်ပြေးနေရ
Donate to DVB

ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်ထဲမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ၁၂၀ ကျော်လောက် ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ညနေ ၁.၄၅ နာရီလောက်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် (အမတ−၃၁၄) တပ်ရင်းက လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တာကြောင့် ပန်းအောင်ကုန်းရွာတွင်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး အဝန်းကြီးဘုန်းကြီးကျောင်းနဲ့ လားဝါရွာဟောင်းအနီးမှာ လက်နက်ကြီး ၁ လုံးစီ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် အမှတ်-(၃၁၄) အမြောက်တပ်ရင်းဟာ ကေအန်ယူ−သထုံမြို့နယ် အုပ်ချုပ်မှု နယ်မြေထဲက အရပ်သားနေထိုင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသူတွေ ရှိခဲ့ပြီး လက်ရှိမှာတော့ ရွှေရောင်ပြကျေးရွာက မိသားစု ၂၇ စုမှ လူဦးရေ ၁၂၁ ယောက် ထွက်ပြေးတိမ်းရှောင်နေကြရကာ ကျန်ရှိနေတဲ့ ဒေသခံတွေလည်း ကြောက်ရွံ့ထိတ်လန့်ကာ နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်းမှာတော့ ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူနယ်မြေထဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်မပြတ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိ ရှိလာခဲ့ကာ မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု  အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013