DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီး ၂ ခုကို မသွားကြရန် KNDF သတိပေး
DVB
·
July 18, 2023
လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင်လမ်းမကြီး ၂ ခုကို မသွားကြရန် KNDF သတိပေး
Donate to DVB

လွိုင်ကော်-မိုးဗြဲလမ်းမကြီးနဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ နည်းလမ်းပေါင်းစုံ စစ်ရေးလှုပ်ရှားနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးအခြေနေတွေ တင်းမာနေလို့ ပြည်သူတွေ အဆိုပါလမ်းပိုင်းတွေမှာ မသွားလာကြဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား အချိန်မရွေး ထိတွေ့မှုဖြစ်ပွားနိုင်တာကြောင့် အဆိုပါလမ်းမကြီးတွေမှာ အသုံးပြုသွားလာကြမယ့် ပြည်သူတွေအနေနဲ့ ဇူလိုင် ၁၈ ရက်ကနေ ၂၈ ရက်အထိ ကားကြီး (ဆယ်ဘီးကား၊ ကုန်ကား၊ တွဲကား၊ ဒန်ဘာ၊ မိုးကာအုတ်) တွေ လုံးဝ မသွားလာလုပ်ကြဖို့နဲ့ ကားငယ်တွေ မဖြစ်မနေသွားလာဖို့ လိုအပ်ပါက ကားမှန်တွေချထားပြီး သွားပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ မိဘပြည်သူတွေအနေနဲ့ မဖြစ်မနေ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံလိုပြီး ပြန်လည်သွားလာနိုင်မယ့် အချိန်၊ နေ့ရက်တွေကို အသိပေးသွားမှာဖြစ်တာမို့ လိုက်နာမှုမရှိရင် ဖြစ်ပေါ်လာမယ့် ဘယ်လိုပြဿနာ အကြောင်းအရာအားလုံးကိုမဆို KNDF တပ်ရင်းအမှတ် ၂ က တာဝန်ယူပေးမှာ မဟုတ်ဘူးလို့လည်း အသိပေးမေတ္တာရပ်ခံထားတာပါ။

ပြီးခဲ့တဲ့ ဇွန် ၁ လတာအတွင်းမှာတော့ ကရင်နီ (ကယား) ပြည်နယ် ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတောတို့မှာတော့ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်းနဲ့ ရွာသစ်မြို့နယ်တွေမှာတော့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံတို့မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးပစ်ကူတွေ အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF မိတ်ဖက်ပူးပေါင်းတပ်တွေအကြား လွိုင်ကော်မြို့နယ်မှာ တိုက်ပွဲ ၇ ကြိမ်၊ ရှားတောမြို့နယ်မှာ ၁ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၄ ကြိမ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၅ ကြိမ်လောက်အထိ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေ ကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေး သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013