ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အထင်ကရ ဘုရားတဆူဖြစ်တဲ့ ကျောက်ဖယားမြစ်ကမ်းဘေးက ဝပ်အရုဏ်ဘုရားအနီးမှာ ရောင်းချတဲ့ ဘုရားကနုတ်ပန်းပုံစံတူ အသေးစိတ်ခြယ်မှုန်းထားတဲ့ ရေခဲမုန့်တွေ လူကြိုက်များနေပါတယ်။
အုန်းနို့နဲ့ အောင်မဲညိုပွင့် ရောနှောထားတဲ့ အနံ့အရသာရယ်၊ ထိုင်းပုံစံနို့လက်ဖက်ရည် အနံ့အရသာရယ် ဖန်တီးထားတဲ့ ရေခဲမုန့်တွေကို ကြွေပန်းကန်ပြားထဲမှာ ဝပ်အရုဏ်ဘုရားရဲ့ ကနုတ်ပန်းတွေ ပုံစံအတိုင်း အသေးစိတ် အလှဆင်ထည့်ထားတယ်လို့ ရေခဲမုန့်ထုတ်လုပ်သူ ပေါ့ပ် အိုင်ကွန်က ပြောပါတယ်။
ရေခဲမုန့်လုပ်ငန်းရှင်နဲ့ ဒီဇိုင်နာ စီရင်ယာဟန်ပါချာန်ချုပ်ခ်က “ထိုင်းနိုင်ငံဟာ ယဉ်ကျေးမှု အမွေအနှစ် ကြွယ်ဝပါတယ်။ ဒါတွေကို အမြင်သစ်နဲ့ မမြင်ဘူးသေး မတင်ဆက်ဖူးသေးဘူး” လို့ ပြောပါတယ်။
ခုတော့ ဘုရားပေါ်က ကြွေပြားတွေပေါ်မှာ ရေးထားတဲ့ ကနုတ်ပန်းပုံတွေကို ရေခဲမုန့်ပေါ်မှာ ခြယ်ထားတယ်၊ လူတွေဟာ ခါတိုင်း မျက်စိလျှမ်းသွားတတ်တဲ့ ဒီဇိုင်းတွေကို ခုတော့ ဘုရားပေါ်မှာ အသေးစိတ်ရှာကြည့်ဖို့ အချိန်ပိုသုံးကောင်း သုံးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အရုဏ်ဦးမှာ လန်းတဲ့ပန်းလို့ နာမည်ပေးထားတဲ့ ရေခဲချောင်းကတော့ နိုင်ငံခြားသား ဧည့်သည်တွေကြားမှာ လူကြိုက်များနေတာပါ။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က လာလည်တဲ့ ဆေးကျောင်းသူ ရှရင်းဘာဘူက “တကယ်ကို လန်းဆန်းသွားတယ်။ တကယ့်ကို အရသာရှိပြီး တကယ့်ကို ကောင်းကောင်းကို ရင်ထဲမှာ ငြိမ်ကျသွားတာပဲ” လို့ ပြောပါတယ်။
မေလကစပြီး တခုကို ၈၉ ဘတ်နဲ့ရောင်းတဲ့ ရေခဲမုန့်တွေကို ဝပ်အရုဏ်ဘုရားအတွက် သက်သက်ထုတ်လုပ်တာလို့ ထုတ်လုပ်သူက ပြောပါတယ်။
အမြတ်အစွန်းတွေကိုတော့ တရားစာပေသင်ကြားရေးနဲ့ ဆေးကုစရိတ်တွေအတွက် ဘုန်းကြီးကျောင်းကို လှူမယ်လို့လည်း ပြောပါတယ်။
Source - Reuters