DVB Logo
Home
နိုင်ငံတကာ
ဖိထား ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ်ရွေးကောက်ခံခွင့် ရှိ၊ မရှိ အကြိတ်အနယ် ဆွေးနွေး 
DVB
·
July 18, 2023
ဖိထား ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ်ရွေးကောက်ခံခွင့် ရှိ၊ မရှိ အကြိတ်အနယ် ဆွေးနွေး 
Donate to DVB

ဇူလိုင် ၁၉ ရက် ဒုတိယ အကြိမ်ကျင်းပမယ့် ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်တင်မြှောက်ပွဲမှာ လိမ္မော်ရောင်ပါတီ MFP ဥက္ကဋ္ဌ ထိမ်းဖိထား တယောက်တည်းကိုပဲ ထပ်မံ အဆိုပြုမယ်လို့  ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် ရွေးခွင့်ရှိ မရှိ မသေချာမရေရာ အခြေအနေ ဖြစ်နေပါတယ်။

မနက်ဖြန် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲ အောင်မြင်စွာပြီးဆုံးစေဖို့  လွှတ်တော်ဥက္ကဋ္ဌ၊  အထက်လွှတ်တော်အမတ်တွေ၊ ညွန့်ပေါင်း ၈ ပါတီနဲ့  ကျန် ၁၀ ပါတီက အောက် လွှတ်တော်အမတ်တွေဟာ ဒီကနေ့  ဇူလိုင် ၁၈ မှာ ကြိုတင်တွေ့ဆုံဆွေးနွေးခဲ့ကြဆဲဖြစ်ပါတယ်။ 

ညွန့်ပေါင်း ၈ ပါတီဘက်က ဖိထားကို အမည်စာရင်းတင်သွင်းမယ်လို့ အစည်းအဝေးမှာ ပြောပေမဲ့  အထက်လွှတ်တော်အမတ်နဲ့  အရင် အာဏာရ ပါတီဘက်ကတော့  လွှတ်တော် ဥပဒေပုဒ်မ ၄၁ အရ  လွှတ်တော်မှာ ယတိပြတ်ဆုံးဖြတ်ပြီးတဲ့ကိစ္စ နောက်တကြိမ်ပြန်ဆုံးဖြတ်လို့ မရတော့တာကြောင့် ဖိထားကို ဒုတိယအကြိမ် ပြန်ရွေးခွင့်မပေးသင့်တော့ဘူးလို့ တင်ပြကြ ပါတယ်။ 

ညွန့်ပေါင်း ၈ ပါတီဘက်ကတော့  ပုဒ်မ ၄၁ ထဲမှာ ဝန်ကြီးချုပ်ရွေးချယ်တဲ့ အချက်မပါ၊ ဝန်ကြီးချုပ်ကို တကြိမ်တည်းသာ ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းထားတာမရှိကြောင်း၊  ဒါကြောင့် ဝန်ကြီးချုပ်မရမချင်း အကြိမ်ကြိမ်ထပ်ရွေးလို့ရကြောင်း ပြောပါတယ်။ 

ဒါကြောင့် ဖိထားအနေနဲ့ မနက်ဖြန် ပြန်ရွေးခွင့် ရှိမရှိကို ဒီကနေ့ ညနေ ၃ နာရီထိ အဖြေ မသိရသေးပါဘူး။  ဒါ့အပြင်  ဖိထားဟာ ITV ဒီယာရှယ်ယာပါဝင်မှု၊  အရည်အချင်းမပြည့်မီဘဲ လွှတ်တော်အမတ်အဖြစ်အရွေးခံခဲ့မှု၊ ဘုရင့်နန်းတော်ကို ထိပါးစေတဲ့ ဥပ‌ဒပြင်ဆင်ဖို့ ကြိုးပမ်းမှု စတဲ့ အမှုတွေကို ရွေးကောက်ပွဲကော်မရှင် အခြေခံဥပဒေတရားရုံးက ဇူလိုင် ၁၉ ရက်နေ့မှာ  စီရင်ဆုံးဖြတ်မယ်ဆိုပြီး  မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

တကယ်လို့  အခြေခံဥပဒေတရားရုံးက ဖိထားကို အပြစ်ရှိကြောင်းစီရင်ပြီး တာဝန်ဝတ္တရားကနေ ရပ်စဲပါက ရွေးကောက်ပွဲအခြေအနေ တမျိုးပြောင်းသွားနိုင်ပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်ဟောင်းကို ဖက်တွယ်ထားလိုသူတွေ၊ ဒီမိုကရေစီ အစိုးရတက်လာပါက သူတို့အကျိုးစီးပွား ထိခိုက်မှာစိုးတဲ့သူတွေက MFP ပါတီ အစိုးရဖြစ်မှာကို မလိုလား၊ ဖိထား ဝန်ကြီးချုပ်ဖြစ်မှာကို မလိုလားလို့ အမျိုးမျိုးခြေထိုးနေတာပဲလို့ MFP ပါတီ ပြောခွင့်ရ နိုင်းချိုင်းချဝပ်က ချနယ်လ် ၃ သတင်းဌာနကို ပြောပါတယ်။ 

ဖိထားအနေနဲ့ နောက်တကြိမ် ဝန်ကြီးချုပ်အဖြစ်ထပ်ရွေးရင်တောင် အထက်လွှတ်တော် အမတ်တွေဆီက လိုအပ်တဲ့ထောက်ခံမဲရမှာ မဟုတ်တဲ့အပြင် ဆန္ဒပြကန့်ကွက်မှုတွေကြောင့် အရင်ကရထားခဲ့တဲ့ ၁၃ မဲတောင် ပြန်လျော့သွားမယ့် အခြေအနေရှိတယ်လို့ ထိုင်းနိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။ 

အထက်လွှတ်တော်အမတ်ဘက်က MFP ပါတီရဲ့ ပုဒ်မ ၁၁၂ ဘုရင့်နန်းတော်ဥပဒေပြင်မယ့် ဥပ‌ဒေကို သ‌ဘောမတူ၊ မထောက်ခံဘူး ပြောတာကြောင့် အဲဒီဥပဒေကို နောက်ဆုတ်လိုက်ဖို့ ရှိသလားလို့  ချနယ်လ် ၃ က မေးမြန်းရာမှာ ပါတီပြောခွင့်ရက ပုဒ်မ ၁၁၂ ဟာ အကြောင်းပြချက်တခုသာဖြစ်ပြီး အဓိကမှာ သူတို့အကျိုးစီးပွား ထိခိုက်မှာစိုးလို့ မထောက်ခံတာဖြစ်ကြောင်း၊ MFP ပါတီက ပုဒ်မ ၁၁၂ ကို နောက်ဆုတ်ရင်တောင် နောက်ထပ် အကြောင်းပြချက်အမျိုးမျိုးနဲ့ ခြေထိုးကန့်ကွက်ဦးမှာ ဖြစ်တာကြောင့် ပြည်သူကို ပေးထားတဲ့ ကတိကဝတ် လုံးဝဖျက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ 

နောက်တကြိမ် အရွေးမခံရပါက ဒုတိယမဲအများဆုံးအနိုင်ရ ဖွေ့ထိုင်း (အနီရောင်) ပါတီကို နေရာဖယ်ပေးမယ်လို့ ဖိထားက ပြောထားတာကြောင့် အနီရောင်ပါတီဘက်ကလည်း ဆေထာထဝီးဆင်ကို ဝင်အရွေးခံဖို့ ပြင်ဆင်ထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကိုးကား - Voice TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013