DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် ရဲစခန်း၊‌ ‌မြေစာရင်းရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
DVB
·
July 18, 2023
ကြာအင်းဆိပ်ကြီးတွင် ရဲစခန်း၊‌ ‌မြေစာရင်းရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊‌ ‌မြေစာရင်းရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ ဒရုန်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ကနေ သိရပါတယ်။

ဇူလိုင် ၁၆ ရက် ည ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ မြေစာရင်းရုံးနဲ့ ထွေအုပ်ရုံးတို့ကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံးချပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Cloud Wings ဒရုန်းတပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုငြိမ်းက “သေဆုံးသတင်းက မျက်မြင် အတည်ပြုနိုင်ခဲ့လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ သူတို့အလောင်း ကိုးလောင်းကို မြေမြှုပ်သွားတယ်။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲစခန်းထဲက ရဲတပ်သားတဦး သေတယ်။

အဆောက်အဦ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့က တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ မြေစာရင်းရုံးနဲ့ ထွေအုပ်ရုံးတို့ကို တိုက်ခိုက်နေချိန်မှာပဲ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ခမရ ၅၅၈ က တပ်ရင်းမှူး ဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ခလရ ၄၃၂ တပ်ရင်း စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးဆင်ဆင်ရေးတပ်ဖွဲ့-SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၁ ရက်နေ့ကတည်းက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့လို့ ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ အတတ်နိုင်ဆုံး ရှောင်ရှားနေထိုင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တိုက်ပွဲဖော်ဆောင်ရာမှာ ပြည်သူလူထု ထိခိုက်ဒဏ်ရာ မရရှိစေဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ မိုးတွင်းကာလဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲလျော့ကျသွားခြင်းမရှိဘဲ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး စစ်ရှောင်ပြည်သူတွေလည်း များပြားနေကာ စစ်ကောင်စီစစ်ကြောင်းကလည်း တံခွန်တိုင်ရွာက အရပ်သားပြည်သူ ၁၅ ဦးကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Photo - Cloud Wings

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013