DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၈၀၀ ထိ မြင့်တက်
DVB
·
July 17, 2023
၂ နှစ်ခွဲခန့်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၈၀၀ ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၈၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၈၉၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၅၁၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၈၅၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၈၁ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ အရပ်ဒေသတွေကို ပစ်မှတ်ထားကာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၁၀ ရက်မနက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက် လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရှေးဟောင်းစေတီတဆူနဲ့ ဘုရားဆင်းတုတော်တွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ စစ်ကြောင်း ထိုးတာကြောင့် အရပ်သားပြည်သူတွေဟာ နေထိုင်ရာဒေသတွေကို စွန့်ခွာကာ ဘေးလွတ်ရာဆီ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ အေအေပီပီက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းကလည်း အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီးကျေးရွာက ပျူစောထီးတွေနဲ့ ညောင်ပင်သာစိုက်ပျိုးရေးသိပ္ပံကျောင်းက အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ခင်ဦးမြို့နယ်၊ တဲဘိုပင်ကျေးရွာကို စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါစစ်ကြောင်းကပဲ ဇူလိုင် ၁၆ ရက်မနက်မှာ သိမ်တော် ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် တဲဘိုပင်ကျေးရွာ၊ သိမ်တော်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ကျွန်းဆွယ်ကျေးရွာ၊ ရွှေယမင်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနဲ့ မြို့သစ်ကျေးရွာ အပါအဝင် ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013