Home
မြန်မာသတင်း
ကလေးမြို့တွင် ချင်းအမျိုးသား ၁ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး
DVB
·
July 17, 2023
KaLayArrrested170720230

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးလေဆိပ်နဲ့ မျက်နှာချင်းဆိုင် ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ Arart hotel ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး ချင်းအမျိုးသားတဦးကို ဖမ်းဆီးသွားတယ်လို့ ဟိုတယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် ‌မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဟိုတယ်အတွင်းမှာ အရပ်ဝတ်တွေနဲ့ လာရောက်စောင့်ဆိုင်းစဉ် ဟိုတယ်ကို တည်းခိုဖို့လာတဲ့ ချင်းတိုင်းရင်းသား အမျိုးသားတဦးကို ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဟိုတယ်နဲ့ နီးစပ်သူတဦးက “စစ်သားတွေမှန်းလည်း မသိကြဘူး။ ဟိုတယ် ဧည့်သည်‌တွေစောင့်တဲ့ နေရာမှာ အရပ်ဝတ်တွေနဲ့ ထိုင်နေကြတာ။ ဟိုတယ်တည်းဖို့ လူတယောက်လာတော့ ၃ ယောက် လက်နက်တွေထုတ် ဝိုင်းပြီး လက်ထိတ်ခတ်ပြီး ထိုးကြိတ်ဖမ်းသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တာဝန်သိပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ Arart hotel မှာ PDF အဖွဲ့ဝင် ဗျက်ကျုံးနှုံးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကိုဗျက်ကျုံးနှုံးကို စစ်ကောင်စီတပ်သားတွေက ကလေးဒေသကွပ်ကဲမှု စစ်ဌာနချုပ်က စစ်ကြောရေးကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ကလေး PDF တာဝန်ရှိသူတဦးကတော့ မိမိတို့အနေနဲ့ အဖမ်းခံခဲ့ရတဲ့ အဖွဲ့ဝင်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024