DVB Logo
Home
မြန်မာသတင်း
ရွှေဘို၊ ခင်ဦးနှင့် မြောင်ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ၊ MSPDF က ဆေးကုသပေး
DVB
·
July 17, 2023
ရွှေဘို၊ ခင်ဦးနှင့် မြောင်ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ၊ MSPDF က ဆေးကုသပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာမှ အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့နယ် တယ်ဘိုပင်ကျေးရွာကနေ ရေဦးကို ဇူလိုင် ၁၅ ရက်ကစပြီး တောက်လျှောက် စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင် ၁၆ ရက်က ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်ပင်သာ၊ ကျားရွာ၊ ကံသာကုန်း၊ အင်ပင်လှ၊ တယ်ဘိုပင်၊ ကြာပင်အိုင်၊ တပင်ကောင်း စတဲ့ကျေးရွာတွေက ပြည်သူတွေ မိုးရွာထားပြီး လမ်းမကောင်းတဲ့ကြားက အခက်အခဲတွေနဲ့ အသက်ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ညောင်ပင်သာရွာမှ တောင်သူတဦးက ပြောပါတယ်။

အသက်ဘေးလွတ်ရာ ထွက်ပြေးနေရတာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခုလိုမျိုး စစ်ကြောင်းထိုးလာတာကြောင့် မကြာခဏ ထွက်ပြေးနေရပြီး တောင်သူစိုက်ပျိုးဖို့လည်း မလွယ်ကူ‌ေသးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ခင်ဦးနယ်အတွင်းမှာလည်း တယ်ဘိုပင်၊ သိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊ ရွှေယမင်း၊ အောင်သာ၊ အင်းပေါက်၊ မရမ်းအင်း၊ ကုန်းသာ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မှန်တော စတဲ့ကျေးရွာတွေပါ ဆက်လက်ထွက်ပြေးခဲ့ရတယ်လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၆ ရက် ညနေ ၃ နာရီလောက်က ရေဦးကိုရောက်ရှိပြီး ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသားတဦး ထိမှန်ဒဏ်ရာရခဲ့ပြီး နွားနှစ်ကောင်လည်း သေခဲ့ရတယ်လို့ အင်ပတ်ရွာသားတဦးက ပြောပါတယ်။

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေကို စစ်ကိုင်းခရိုင် အမှတ်-၄ တပ်ရင်း - MSPDF ဆေးတပ်ခွဲနဲ့အတူ မြင်းခြံခရိုင် အမှတ်-၃ တပ်ရင်း - မြေလတ် PDF တို့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ Myaung Special People Defense Force - MSPDF ထံက သိရပါတယ်။

MSPDF ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက “မနေ့ (ဇူလိုင် ၁၆) ရက် မနက်ကပါ။ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာ ၄ ရက် ၅ ရက်လောက် ရှိပြီ။ အခု ကျန်းမာရေးစောင့်ရှောက်မှု ပေးဖြစ်တာက ၁၀ ကြိမ်မြောက်ပါ။ ခန့်မှန်းလူနာဦးရေ ၆၀ ကျော်ကို ဆေးဝါးကုသမှု ပေးခဲ့ကြတာ ကျပ် သိန်း ၆၀ ခန့် ကုန်ကျစရိတ် ရှိခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

“တယောက်ဆို အကူအညီ အရမ်းလိုအပ်နေတဲ့ ကလေးပါ။ ပြီးတော့ ဒီကလေးလေးမှာ အမြွှာအမတယောက် ရှိပါသေးတယ်။ တယောက်နေမကောင်းရင် တယောက်ကလည်း နေမကောင်းဖြစ်နေတော့ မိဘတွေက ချို့တဲ့ကြတော့ အဆင်မပြေကြဘူး။ လက်လုပ် လက်စားတွေပါ။ မိဘတွေက ရွာဘက်တွေမှာ မနက်အစောကနေ ၁၂ ထိလုပ်မှ ၂,၀၀၀ ပဲရတယ်။ တနေကုန်မှ ၄,၀၀၀၊ ၅,၀၀၀ ရတာ။ အာ့ ၂,၀၀၀ ရဖို့ တအားပင်ပန်းရတာ။ စားဝတ်နေရေးနဲ့ ကလေးဆေးဖိုးနဲ့ အဆင်မပြေကြဘူးရယ်။ ညီမတို့က စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အကျွေးအမွေးတွေက ဟိုးအရင်တည်းက အမြဲ လုပ်ပေးဖြစ်တယ်။ ရှေ့လျှောက်လည်း စစ်ရှောင်တွေအတွက် စောင့်ရှောက်မှုတွေ ပြုလုပ်တာတွေ ရှိနေဦးမှာမို့ စစ်ရှောင်တွေအတွက် ဆေးဝါးတွေ ကူညီပေးဖို့ရော ပြောချင်ပါတယ်” လို့ လွင်ဂူးက ပြောပါတယ်။

မြောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး၊ စာဝတ်နေရေးအတွက် ကူညီလှူဒါန်းလိုကြပါက သူတို့ရဲ့ Myaung Special People Defense Force - MSPDF ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ မေ ၃၁ ရက်အထိ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ပြည်သူ့နေအိမ် ၅၃,၈၁၆ လုံးနဲ့ နိုင်ငံတဝန်း အများဆုံး ပျက်စီးဆုံးရှုံးခဲ့ကြရပြီး အဲဒီအထဲမှာ မြောင်မြို့နယ်ကတော့ နေအိမ် ၂,၀၀၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013