DVB Logo
Home
Lead Story
စစ်တပ် အာဏာသိမ်းမှုကြောင့် အနာဂတ်ပျောက်‌နေရတဲ့ ကျောင်းသားလူငယ်များ
DVB
·
July 17, 2023
စစ်တပ် အာဏာသိမ်းမှုကြောင့် အနာဂတ်ပျောက်‌နေရတဲ့ ကျောင်းသားလူငယ်များ
Donate to DVB

မတရားအာဏာသိမ်းခံရပြီးနောက် စနစ်သစ်ပညာရေးနဲ့ ထိတွေ့ကာစမှာပဲ ပညာရေးရဲ့ မျှော်လင့်ချက် အလင်းရောင်တွေ ပျောက်ဆုံးသွားရသလို ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ရှေ့ရေး ဝေဝါးခဲ့ကြရပါတယ်။

ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြောင့် စီးပွားရေး၊ ပညာရေး ၂ နှစ်လောက် နှောင့်နှေးသွားရပြီးနောက် အာဏာသိမ်းမှုကြောင့် နောက်ထပ် ၃ နှစ်ဝန်းကျင် ဆုတ်ယုတ်သွားခဲ့ရတယ်။

၅ နှစ်လောက် ပညာရေးနဲ့ ဝေးကွာသွားတော့ ၁၅ နှစ်အရွယ် အထက်တန်းအဆင့် ၁၀ တန်းကျောင်းသားဟာ အခုဆို အသက် ၂၀ အရွယ် ရောက်နေကြရပြီး ကျောင်းသားစိတ်၊ စာသင်ချင်စိတ်၊ ကျောင်းတက်ချင်စိတ်တွေ ရှိပေမဲ့ အသက်အရွယ်အရ အခက်တွေ့နေကြရပြီ ဖြစ်တယ်။ စာသင်ခန်းထဲမှာ သူတို့ စိတ်ပါဝင်စားစွာ စာသင်ကြားနိုင်ခြင်း ရှိကြမှာ မဟုတ်တော့ပါဘူး။

မိဘတွေမှာလည်း သားသမီးတွေ ပညာရေးအတွက် မျှော်လင့်ချက် ပျောက်ဆုံးသလို ခံစားနေကြရပါလိမ့်မယ်။ ကိုယ့်သားသမီး ပညာတတ်ဖြစ်ဖို့ဟာ မိဘတိုင်းရဲ့ ရည်မှန်းချက် အိပ်မက်ဖြစ်ပါတယ်။ သားသမီး ကျောင်းတက်နိုင်ဖို့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ပေးချင်တဲ့စိတ် မိဘတိုင်းမှာ ရှိကြပါတယ်။ ကိုယ့်သားသမီးကို ကျောင်းဝတ်စုံလေးဝတ်ပြီး ကျောင်းတက်တာကို ကြည့်ရမြင်ရရင် မိဘတွေမှာ ကြည်နူးပျော်ရွှင်ပီတိဖြစ်လို့ မဆုံးကြပါဘူး။

ဒါပေမဲ့ စစ်တပ်က မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ နိုင်ငံရဲ့အခြေအနေကို ခြုံငုံသုံးသပ်နေရမှာ မိဘတိုင်းမှာ တာဝန်ရှိတယ်။ ခေတ်စနစ်ကိုလည်း မျက်ခြည်မပြတ်အောင် လေ့လာနေရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဒေါက်တိုင်တွေ ပြည်သူ့သစ္စာဖောက်တွေ ပြောစကားကို နားယောင်ရမှာ မဟုတ်ပါဘူး။ “အသက်ကကြီးပြီး အတန်းငယ်နေလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ကျောင်းအပ်ထားလိုက်” ဆိုတဲ့စကားနဲ့ မိဘပြည်သူတွေကို ဝေဝါးသွားစေတဲ့ စကားတွေနဲ့ စစ်တပ်လက်အောက် မရောက်ရောက်အောင် တွန်းပို့တဲ့ စစ်တပ်အလိုရှိသူတွေရဲ့ စကားကြောင့် စစ်တပ်ရဲ့လုပ်ရပ်ကို အားပေးထောက်ခံသူ ဖြစ်မှန်းမသိ ဖြစ်သွားကြရပါတယ်။

အာဏာသိမ်းကာလ အစပိုင်းမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ရှေ့ဆုံးက ရဲရဲဝံ့ဝံ့ ပါဝင်ချီတက်ခဲ့တဲ့သူတွေတောင် ဒီနှစ်မှာ သူတို့သားသမီး ပညာရေး ရပ်တန့်မသွားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ရဲ့လက်အောက် ခေါင်းလျှိုကာ ဝင်ရောက်သွားကြတာ ရင်နာစရာ ကောင်းလှပါတယ်။

တကယ်တော့ အသက်အရွယ်နဲ့ သင်ယူတတ်မြောက်မှုကို အဓိကထားရမှာ ဖြစ်ပါတယ်။ အတန်းရပြီး စာမတတ်ရင် ဆုံးရှုံးမှုက ပိုဆိုးပါတယ်။ အခုလက်ရှိ စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေမှာ စာသင်ကြားမှု အပြည့်အဝ ရရှိကြရဲ့လား၊ ကလေးတွေရော တကယ်ပဲ သင်ကြားတတ်မြောက်ကြရဲ့လား၊ လေ့လာကြည့်ရ‌သလောက် ကျောင်းသားမိဘ တော်တော်များများ သင်ကြားတတ်မြောက်မှုကို လျစ်လျူရှုပြီး မိမိသားသမီး အတန်းတက်ရေးကိုသာ အာရုံစိုက်နေကြတာ စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။

ကျောင်းကြီးတော့မထားဘူး၊ ကိုယ်ပိုင်ကျောင်းမှာ ထားတာလို့ ဆင်ခြေပေးမယ်ဆို အဲ့ဒါက ပိုဆိုးပါတယ်။ ပညာရေးကို စီးပွားရေးဆန်ဆန် လုပ်ကိုင်နေတဲ့ ကိုယ်ပိုင်ကျောင်းတချို့ကတော့  သူတို့လုပ်ငန်း အဆင်ပြေရေးအတွက် စစ်တပ်ကထုတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ခေါင်းညိတ်ကာ ကျောင်းဖွင့်ခွင့်ရရှိရေးအတွက် ပေးကမ်းပြီး ဟိုဟာမသင်ရ၊ ဒီဟာပဲသင်ရမယ် ညွှန်ကြားခံရကာ စစ်တပ်သဘောကျ လုပ်ကိုင်ပေးရတဲ့ စစ်တပ်ဒေါက်တိုင် အကြီးစားတွေ ဖြစ်ပါတယ်။

တချို့ကျောင်းတွေမှာဆို အတန်းရချင်သလား ပိုက်ဆံပေး၊ အောင်ချင်သလား ငွေပေး၊ ကျောင်းအပ်လိုက်ပြီ ဆိုတာနဲ့ ငွေအရင်ပေးရပါတယ်။ ဆရာတယောက် ပြောဖူးတဲ့စကား အမှတ်ရမိပါတယ်။ ပညာရေးအတွက် ရွေးချယ်စရာများလွန်းတဲ့ ဒီဘက်ခေတ်မှာ ဘာကြောင့်များ ဒါရေး ဒါဖတ် ဒါကျက်ဆိုတဲ့ အနှစ်မပါ ပညာရေးကို ကဲကဲလှုပ်နေကြတာလဲဆိုတာ စဉ်းစားမရဘူးဗျာ..တဲ့..။

ပြည်သူပိုင်ငွေတွေကို ခိုးဝှက်အဂတိလိုက်စားပြီး အလွန်ချမ်းသာနေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေကတော့ သူတို့ရဲ့သားသမီးတွေကို အစိုးရကျောင်းတွေမှာမထားပါဘူး၊   နိုင်ငံတကာကျောင်းတွေနဲ့  ပြည်ပနိုင်ငံတွေကို ပို့ပြီး ပညာသင်ယူစေပါတယ်။

စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်လာတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ လူစုလို့ကောင်းတဲ့ နေရာတွေ ဖြစ်တယ်။ အဲဒီလိုနေရာတွေမှာ တပ်စွဲမယ်၊ နေရာယူထားကြမယ်။ တယ်လို့ တိုက်ခိုက်မှုဖြစ်လာရင် လူသားဒိုင်းလုပ်မယ်၊ ဓားစာခံအဖြစ် ထိန်းသိမ်းထားမယ်။ အခန့်မသင့်ရင် သူတို့က ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအဖွဲ့ PDF တွေက ပစ်လို့ သေပါတယ်လို့ လိမ်ညာပြောဆိုပါလိမ့်မယ်။ ဖွတ်မရ ဓားမဆုံးရမယ့်အခြေ ဆိုက်သွားပါလိမ့်မယ်။

မိဘတွေအနေနဲ့ ဒီကာလ ဒီအခြေအနေမှာ အဓိကနဲ့ သာမည ပိုင်းခြားဖို့ အလွန်ပဲ လိုအပ်ပါတယ်။ နောက်ကျသွားမှ မှားပြီဆိုပြီး ဆောရီး (Sorry) လုပ်လို့ မရတော့ပါဘူး။ ပညာရေးဆိုတာ အသက်အရွယ် အတန်းနဲ့မဆိုင်ဘဲ သင်ယူတတ်မြောက်မှုနဲ့သာ သက်ဆိုင်ပါတယ်။ တိုင်းပြည်အနာဂတ်မှာ ပညာတတ် လူငယ်လေးတွေ များများပေါ်ထွက်နိုင်ပါစေ ..။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013