
စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ခင်ဦးနဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တို့မှာ မနေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းက ရွှေဘိုမြို့နယ်ညောင်ပင်သာရွာက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ တယ်ဘိုပင်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် ညောင်ပင်သာ၊ ကျားရွာ၊ ကံသာကုန်း၊ အင်ပင်လှ၊ တယ်ဘိုပင်၊ ကြာပင်အိုင်၊ တပင်ကောင်း စတဲ့ရွာတွေက ပြည်သူတွေဟာ တောင်ယာအလုပ်နဲ့ အိုးအိမ်တွေကို စွန့်ပြီး ဘေးလွတ်ရာပြေးနေရတာပါ။
မိုးရွာထားပြီး လမ်းမကောင်းတဲ့ကြားက အခက်အခဲတွေနဲ့ ထွက်ပြေးခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ စတဲ့ အခြေအနေတွေကို မသိရသေးဘူးလို့ ညောင်ပင်သာရွာသားတယောက်က ပြောပါတယ်။
ဇူလိုင် ၁၆ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်ဟာ တယ်ဘိုပင်ရွာကနေ သိမ်တော်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် သိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊ မှန်တောစတဲ့ ကျေးရွာတွေပါ ဆက်လက်ထွက်ပြေးနေကြရပြီး မကြာခဏ ထွက်ပြေးနေရတာကြောင့် တောင်ယာစိုက်ပျိုးဖို့ မလွယ်ကူဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ကပဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက သိန်ခွန်း ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ကော်သူးလေတပ် KTLA(TCJF) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူကျေးရွာကနေ သိန်ခွန်းအုပ်စု၊ ချောင်းနှစ်ပေါက်ကျေးရွာဘက်ကို စစ်ကား ၅ စီးနဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို KTLA(TCJF) က တိုက်ခိုက်ခဲ့တာပါ။
KTLA(TCJF) ရဲ့ တာဝန်ရှိသူတယောက်က "စကစရဲ့ ရိက္ခာပို့တဲ့လမ်းကြောင်းလို့ ယူဆပါတယ်။ နယ်စပ်စခန်းတွေဖြစ်တဲ့ တောတောင်နဲ့ လေးကေစခန်းတွေဘက် ပို့မယ်ထင်တယ်” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိ၊ မရှိကိုတော့မသိရပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ချောင်းနှစ်ပေါက်ကျေးရွာ၊ သိန်ခွန်းကျေးရွာနဲ့ အထက်ကွမ်းသီးတောကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့သိရပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ထုံခါးကျေးရွာ၊ မောတောင်လမ်းပိုင်းကို သတိထားပြီး သွားလာကြဖို့နဲ့ အတတ်နိုင်ဆုံး သွားလာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်က မေတ္တာရပ်ခံထားပါတယ်။










