

နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင်တွေဟာ ဇူလိုင် ၁၄ ရက်က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား စာရေးဆရာတွေရဲ့ သပိတ်မှောက်မှုမှာ ပါဝင်ခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အနုပညာ လုပ်ငန်းရဲ့ အလွှာ ၂ လွှာက ပထမဆုံး ပူးပေါင်းလုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်တို့မှာ သရုပ်ဆောင်တွေဟာ ဝါနာဘရားသားစ်၊ ပါရာမောင့်ထ် နဲ့ တခြား အဓိက စတူဒီယိုကြီးတွေရဲ့ ရုံးခန်းအပြင်ဘက်တွေကို ချီတက်ခဲ့ကြပြီး ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းကာ ကြွေးကြော်ခဲ့ကြပါတယ်။
ဟောလီးဝုဒ်ရဲ့ အကြီးဆုံးသမဂ္ဂ SAG-AFTRA နဲ့ အမေရိကန် စာရေးဆရာများ အသင်း (WGA) တို့ဟာ အခြေခံလစာနဲ့ အပိုဆောင်းရငွေ သို့မဟုတ် ရုပ်မြင်သံကြားကြည့်ရှုခြင်းကနေ ပေးဆောင်တဲ့ အခကြေးငွေတွေအပြင် သူတို့ရဲ့လုပ်ငန်းကို ဉာဏ်ရည်တု (AI) နဲ့ အစားထိုးမှာ မဟုတ်ကြောင်း အာမခံချက်ပေးဖို့တွေကို တောင်းဆိုနေကြတာပါ။
ဟောလီးဝုဒ်သမဂ္ဂ SAG-AFTRA ရဲ့ သမဂ္ဂအဖွဲ့ဝင် ၁ သိန်း ၆ သောင်းလောက်ရှိတဲ့အထဲမှာ အကျော်ကြားဆုံးနဲ့ အချမ်းသာဆုံး၊ ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
လူအများအပြားကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပဲ အသက်မွေးဝမ်းကြောင်းပြုဖို့ ပိုခက်ခဲလာကြောင်း ပြောကြပါတယ်။
သရုပ်ဆောင်များသမဂ္ဂဟာ ဝေါ့လ်ထ် ဒစ္စနေ နဲ့ နက်ဖှလစ်ခ်စ် တို့ အပါအဝင် စတူဒီယိုတွေနဲ့ သဘောတူညီမှု မရရှိခဲ့တာကြောင့် သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။
ရုပ်သံလွှင့်တဲ့ခေတ်မှာ အလုပ်သမားတွေက လစာရဖို့ ရုန်းကန်နေရတာဖြစ်ပြီး မေလ ၂ ရက်မှာ စတင်ခဲ့တဲ့ စာရေးဆရာတွေရဲ့ သပိတ်မှောက်မှုမှာ အခုတခါ သပိတ် ၂ ရပ်က ထပ်ပါဝင်လာတာ ကြောင့် စီးပွားရေး ထိခိုက်နစ်နာမှု ရှိလာမှာဖြစ်ပြီး အနုပညာ ထုတ်လုပ်ရေးလုပ်ငန်းအတွက် အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ လုပ်ငန်းနယ်ပယ်မှာ ရင်ဆိုင်နေရတဲ့ ဖိအားတွေကို တိုးလာစေပါတယ်။
အကြမ်းဖျင်း စာရေးဆရာ ၁၁,၅၀၀ လောက် ပါဝင်တဲ့ သပိတ်မှောက်မှုကြောင့် ညနှောင်းပိုင်း ရုပ်မြင်သံကြား ဟောပြောပွဲ အစီအစဉ်တွေဟာ အဆုံးမရှိ ပြန်လည်နေတာဖြစ်ပြီး ဆောင်းဦးကာလ တီဗီရာသီအတွက် ထုတ်လုပ်မှုအများစုကို အနှောင့်အယှက် ဖြစ်စေတဲ့အပြင် ဘတ်ဂျက်ကြီး ကြီးမားမားနဲ့ ရိုက်ကူးရတဲ့ ရုပ်ရှင်တွေကိုလည်း ရပ်နားထားပါတယ်။
Source-Reuters










