ဂျာမနီနိုင်ငံမှာ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ နောက်ဆုံးမျိုးဆက်အမည်ရှိ အဖွဲ့မှ အဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၄ ရက်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေကို ကန့်ကွက်ဆန္ဒပြတဲ့ အနေနဲ့ ဂျာမန်မြို့အများအပြားမှာ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့အဆိုအရ တနိုင်ငံလုံးရှိ မြို့ကြီး ၂၆ မြို့မှာ လှုပ်ရှားမှု ၃၆ ခု လုပ်ခဲ့ပါတယ်။
သိပ်မကြာသေးတဲ့ လှုပ်ရှားမှုတွေမှာ တက်ကြွလှုပ်ရှားသူ အဖွဲ့ဝင်တွေဟာ လမ်းလယ်ခေါင်က မြေပြင်ပေါ်မှာ နေရာမဖယ်ရွှေ့စတမ်း သူတို့ကိုယ်သူတို့ တင်းခံပြီး နေပြခဲ့တာပါ။
မြူးနစ်ချ်မြို့မှာ အရာရှိတွေဟာ ဆန္ဒပြသူတွေကို နေရာကနေ ဖယ်ရှားဖို့ ကြိုးစားနေသလို ကိုဘလန့်စ်မြို့မှာတော့ ဒေါသထွက်နေတဲ့ ကားသမားတယောက်ဟာ ကားလမ်းပိတ်ဆို့ ဆန္ဒပြနေသူတွေကို အတင်းဆွဲဖယ်ခဲ့ပါတယ်။
ဘာလင်မြို့တော်မှာတော့ တက်ကြွလှုပ်ရှားသူတချို့ဟာ အဓိပတိ အိုလာ့ဖှ် ရှို့လ်ဇ်၊ ဖက်ဒရယ် ပို့ဆောင်ရေး ဝန်ကြီး ဖှိုလ်ကာ ဗစ်ဇင်းစ် နဲ့ စီးပွားရေးနဲ့ ရာသီဥတုကာကွယ်ရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ရောဘတ် ဟာဘခ် တို့ရဲ့ မျက်နှာဖုံးတွေကို ၀တ်ဆင်ထားတာဖြစ်ပြီးတော့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကာရ်လာ ဟင်းန်ရစ်ချ်စ် က ဝန်ကြီးဗစ်ဇင်းစ်ရဲ့ အသံလို တုပပြီး အဖွဲ့ရဲ့တောင်းဆိုချက်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ဖက်ဒရယ်အစိုးရအဖွဲ့ဟာ မကြာသေးခင်ကပဲ ရာသီဥတုကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုခဲ့ပါတယ်။
အနာဂတ်မှာ စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတခုစီမှာ နှစ်စဉ် CO2 ထုတ်လွှတ်မှုအတွက် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီဖို့ မလိုအပ် လောက်တော့ပေမယ့် ခြုံငုံရလဒ်ကိုတော့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
Source-Reuters