

တောင်ကိုရီးယားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မြေပြိုခြင်းနဲ့ ရေကာတာ တွေ လျှံတက်ခြင်းတို့ ဖြစ်ခဲ့ရပြီး ၃ ရက်မြောက် မိုးရွာသွန်းခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှာ လူ ၇ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေတဲ့အပြင် လူ ၁ ထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ပြည်ထဲရေးနဲ့ ဘေးကင်းရေးဝန်ကြီးဌာနက ဒေသန္တရအစိုးရအမိန့်နဲ့ လူ ၇ ထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန်ထားချက်အရ ဒေသစံတော်ချိန် မနက် ၁၁ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
ဂူဆန် ဆည်က ရေကို တတ်နိုင်သလောက် စွန့်ထုတ်နေမှုနဲ့အတူ မြောက်ပိုင်း ချွန်ချောင်းပြည်နယ်မှာ ဆည်ရေ လျှံနေတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ ထပ်တိုးလာနိုင်ပါတယ်။
မြေပြိုမှုမျတွေ၊ ရေကြီးခြင်းနဲ့ ကျောက်တုံး ကျောက်ဆောင် ပြိုကျခြင်းတွေက ဘေးကင်းရေးကို ခြိမ်းခြောက်နေတာကြောင့် တခြားကျည်ဆန်ရထားလိုင်းတွေ ပြေးဆွဲမှု နှေးကွေးခြင်းကြောင့် နှောင့်နှေးနိုင်ပေမယ့် ကိုရီးယား မီးရထားကော်ပိုရေးရှင်းကတော့ သူ့ရဲ့အနှေးရထားတွေနဲ့ ကျည်ဆန်ရထားတွေ အားလုံးကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့ပါတယ်။
စနေနေ့က အစိုးရဌာနတွေနဲ့ တွေ့ဆုံရာမှာ ဝန်ကြီးချုပ် ဟန်ဒေါ့ဆူဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဖို့နဲ့ စက်ပစ္စည်းတွေနဲ့ လူအင်အား စုဆောင်းရာမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ စစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
Source-Reuters










