
စစ်ကိုင်းတိုင်း၊ ကလေးမြို့နားက စီးစံကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၂၅ နှစ် အရွယ် ဒေသခံလင်မယား သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ည ၈ နာရီခွဲဝန်းကျင်က စစ်ကောင်စီရဲ့လက်နက်ကြီးဟာ စီးစံရွာက ဦးလာလာလ်တို့မိသားစုနေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ စီးစံရွာခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
"ဦးလာလာလ်ကတော့ ဗိုက်ပွင့်သေဆုံးသွားတယ်။ သူ့အမျိုးသမီး ဒေါ်လာလ်ပက်လှူး ကတော့ လက်ပြုတ်ထွက်သွားပြီး ရင်ဘတ်မှာဒဏ်ရာရ သေဆုံးသွားတယ်။ မိသားစု ၃ ယောက်ရှိတာ သူတို့ ကလေးတယောက်တော့ ကျန်ခဲ့တယ်" လို့ ပြောပါတယ်။
အဲဒီညမှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဟာ စီးစံရွာနားက စက္ကန့်ရွာနဲ့ ရှားတောရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး စက္ကန့်ရွာမှာတော့ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကလေးမြို့မှာရှိတဲ့ စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေဟာ ဇွန်လလယ်ပိုင်းက စတင်ပြီးနေ့တိုင်းနီးပါး ကလေးမြို့အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာပါ။
ကလေးမြို့နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်တာဟန်းရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတို့မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ယောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဓာတ်ပုံ-ဆလိုင်း











