
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ပြင်းပြင်းထန်ထန် တိုက်မယ်လို့ သတိပေးခဲ့အပြီး ဇွန် ၁၀ ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကလည်း ပင်လယ်ကွေ့ထဲက အမေရိကန်စခန်းတွေကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
“စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရဖို့ အီရန်က အချိန်ဆွဲလွန်းတယ်” လို့ ထရမ့်ပ်က ပြောခဲ့ အပြီးမှာ အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (Centcom) က ခုခံကာကွယ်ရေး တိုက်ခိုက်မှု တွေကို ၂ ရက်ဆက် လုပ်ဆောင်ခဲ့ပါတယ်။
အီရန်ကလည်း ရှေ့ရက်က သူတို့တိုက်ခဲ့တဲ့ ဘာရိန်းနဲ့ ကူဝိတ်က အမေရိကန်စစ်စခန်းတွေကိုပဲ ထပ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဟော်မုဇ် ရေလက်ကြားအနီးမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အဲဒီကဖြတ်သွားတဲ့ ရေနံသင်္ဘော ၂ စီးကိုပါ တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်တဲ့အတွက် ကမ္ဘာ့ ရေနံဈေး မြင့်တက်လာပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထိဟက်ဂ်ဆီသ်က အီရန်အနေနဲ့ အခွင့်အရေးကို အသုံးမချ ခဲ့တဲ့အတွက် အရေးကြီး အဆောက်အအုံတွေကို ဗုံးကြဲသွားမယ်လို့ သတိပေးပါတယ်။
အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်ကတော့ ဘယ်လိုဖိအားနဲ့ ခြိမ်းခြောက်မှုကိုမဆို ကြံ့ကြံ့ခံ သွားမယ်လို့ တုံ့ပြန်ထားပါတယ်။
ဒီရက်ပိုင်းမှာ အမေရိကန် ရဟတ်ယာဉ်တစီး ပစ်ချခံရပြီးနောက် စတင်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလက ရထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာလည်း ပျက်ပြား လုနီးပါး ဖြစ်လာပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ အရှေ့အလယ်ပိုင်းဒေသဟာ အကျပ်အတည်းထဲ ပိုနစ်ဝင်လာနေပြီလို့ သတိပေးထားပါတယ်။
Source:Reuters











