DVB Logo
Home
နိုင်ငံတကာ
ဆူဒန်နိုင်ငံအတွင်း အစုအပြုံလိုက် သတ်ဖြတ်မှုများကို အိုင်စီစီ စတင်စုံစမ်းနေ
DVB
·
July 14, 2023
ဆူဒန်နိုင်ငံအတွင်း အစုအပြုံလိုက် သတ်ဖြတ်မှုများကို အိုင်စီစီ စတင်စုံစမ်းနေ
Donate to DVB

ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသရှိ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ သင်္ချိုင်းတခုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၈၇ ဦးကို ဆူဒန်နိုင်ငံရဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့ အချက်အလက် တွေ ရရှိထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

အနောက်ဒါဖာက အယ်လ် ဂျူနေနာမြို့မှာ RSF အရန်တပ်ဖွဲ့တွေနဲ့ အာရပ်ပြည်သူ့စစ်တွေဟာ အာရပ်မဟုတ်တဲ့ မာဆာလစ် မျိုးနွယ်တွေကို အနီးကပ်ပစ်ခတ်မှုတွေ အပါအဝင် အလုံးအရင်း တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစီရင်ခံထားကြပါတယ်။

ဇွန် ၂၀ မှ ၂၁ ရက်ကြားမှာ မြို့အနီးရှိ ကွင်းပြင်တနေရာမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အလောင်းတွေကို စွန့်ပစ်ဖို့ ဒေသခံတွေကို အတင်းအကျပ် တွန်းအားပေးခဲ့ကြောင်းလည်း ဆိုပါတယ်။ လူတချို့ဟာ မကုသရသေးတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RSF တာဝန်ရှိသူတွေကတော့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး အရန်တပ်ဖွဲ့ဟာ အနောက်ဒါဖာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့ မဟုတ်ကြောင်း ပြောထားပါတယ်။

ဆူဒန်နိုင်ငံမှာ တရားဝင်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ဟာ ဧပြီလလယ်မှာ ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲပွဲကြောင့် မြို့တော် ခါတွမ်နဲ့ ဆူဒန်ရဲ့ တခြားနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ဟာ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ကလေးတွေကို ထိခိုက်တဲ့ ရာဇဝတ်မှု အစီရင်ခံစာတွေ အပါအဝင် ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ ဧပြီလလယ်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် စုံစမ်းစစ်ဆေးမှုကို စတင်နေပြီဖြစ်ကြောင်း ထိပ်တန်းအစိုးရရှေ့နေ ကာရင်မ် ခန်က ကုလသမဂ္ဂကို ဇူလိုင် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

အိုင်စီစီ အစိုးရရှေ့နေတွေဟာ အနောက်ဒါဖာက အယ်လ် ဂျူနေနာမြို့မှာ တရားလက်လွတ် သတ်ဖြတ်မှု၊ နေအိမ်တွေနဲ့ ဈေးတွေကို မီးရှို့တာ၊ လုယက်တာတွေအပြင် မြောက်ပိုင်း ဒါဖာနဲ့ ဒါဖာဒေသတခွင်ရှိ တခြားနေရာတွေမှာ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်တာတွေကို အနီးကပ် ခြေရာခံနေပြီလို့လည်း ဆိုပါတယ်။

အိုင်စီစီဟာ လက်ရှိမှာ လုံခြုံရေးအခြေအနေကြောင့် ဆူဒန်မှာ အလုပ်မလုပ်နိုင်ပေမဲ့ တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း အစီရင်ခံစာက ဆိုပါတယ်။

သံသယရှိသူတွေရဲ့ လက်ရှိတည်နေရာကို သိရအောင် ဆူဒန်အစိုးရကို တောင်းဆိုခဲ့ကြောင်းလည်း ခန်က ပြောကြားခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013