
၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်ကနေ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက်အထိ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ ၅ ယောက်နဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၁၀ ရှိခဲ့ပြီး အရပ်သား ၅,၃၅၈ ယောက် သေဆုံးခဲ့တယ်လို့ DVB က The Data Behind Myanmar’s Massacres (မြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ ဒေတာများ) က မှတ်တမ်းတင်ထားပါတယ်။
အခုနှစ် ၂၀၂၆ ရဲ့ ၉ လကျော်ကာလမှာတင် လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ် အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ပေါင်း ၈၆ ခု ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီမှတ်တမ်းတွေမှာ စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ နီးပါး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေထဲက ၂၁ ယောက်ဟာ အပြင်းအထန်ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
ကျောက်တော်လူငယ်များအစည်းအရုံး (KTYA) တည်ထောင်သူ အဖွဲ့ဝင်တယောက်က “အခု ကျောက်တော်ဖြစ်စဉ်ဟာ လူသားအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ crimes against humanity (လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု) မြောက်တယ်လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးလိုတယ်။ ကျနော် သိတဲ့ မွတ်စလင် အမျိုးသားတဦး ဆိုရင် သူ့သားက ဗုံးကျတဲ့ နေရာမှာပဲ သေသွားတာ။ သုသာန်ရောက်မှပဲ သေသွားတာ သိတာ။ ဒါတောင် သူ့သား dead body ကို ရှာမတွေ့ဘူး။ အဲဒီလိုမျိုး အလောင်းတွေကို ဘယ်သူဘယ်ဝါမှန်း မသိဘဲ ကျန်ခဲ့တဲ့ dead body ခန္ဓာကိုယ် အပိုင်းအစတွေကို လိုက်ကောက်ပြီး မြေမြှုပ် သင်္ဂြိုဟ်လိုက်ရတာ အလောင်း ၂၀ ကျော်ကို ရှိတယ်။ ဟိုနားမှာ လက်လေးတချောင်း တွေ့တာ၊ ဒီနားမှာ ခေါင်းလေးတစ တွေ့တယ်၊ ခြေလေးတချောင်း တွေ့တာတွေကို လိုက်ကောက်ပြီးတော့ ပိုင်ရှင်မပေါ်ဘဲ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ရတယ်” လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ ဒေတာများ” (The Data Behind Myanmar’s Massacres) မှတ်တမ်းအရ သေဆုံးသူ စုစုပေါင်း ၅,၃၅၈ ယောက်ထဲမှာ အမျိုးသား ၂,၄၇၃ ယောက်၊ အမျိုးသမီး ၈၂၀ နဲ့ ကလေးသူငယ် ၅၇၈ ယောက်နဲ့ ကျား မ မခွဲခြားနိုင်သူတွေလည်း ပါဝင်ပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုက အများဆုံးဖြစ်ပြီး ဖြစ်စဉ် ၂၅၁ ခုမှာ လူပေါင်း ၂,၈၉၃ ယောက် သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ဒီအချက်အလက်စုဆောင်းမှုတွေမှာတော့ အရပ်သားတွေအပြင် သတ်ဖြတ်ခံရချိန်မှာ တိုက်ပွဲတွေမှာ ပါဝင်နေတာမျိုးမရှိတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေ၊ ဖမ်းဆီး အကျဉ်းချခံထားရသူတွေနဲ့ စစ်သုံ့ပန်းတွေကို ထည့်သွင်း မှတ်တမ်းတင်ထားတာ ဖြစ်ကြောင်းနဲ့ တရားမျှတမှုရှာဖွေရေးမှာ အထောက်အကူဖြစ်စေမဲ့ မှတ်တမ်းအဖြစ်နဲ့ ကျန်ရစ်စေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း DVB ဒေတာအဖွဲ့က အချက်အလက်နှင့် သုတေသနအဖွဲ့ခေါင်းဆောင် မကာရိုလိုင်းပြည့်က ပြောပါတယ်။
“ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အဓမ္မပြုကျင့်ခံရမှု အချက်အလက်တွေ ဖျောက်ဖျက်မခံရဖို့၊ အများပြည်သူ လေ့လာကြည့်ရှုနိုင်တဲ့ မှတ်တမ်းတရပ်အဖြစ် ထိန်းသိမ်းထားဖို့နဲ့ အနာဂတ်မှာ အမှန်တရား ဖော်ထုတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးနဲ့ အကူးအပြောင်း ဖြစ်စဉ်များအလွန် တရားမျှတမှုရှာဖွေရေး ကြိုးပမ်းမှုတွေအတွက် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပါတယ်။”
အကြမ်းဖက် အာဏာသိမ်းစစ်တပ်က အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဈေး၊ သာသနာ့အဆောက်အအုံတွေ၊ လူနေရပ်ကွက်တွေကို အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ Geneva Convention of 1949 နဲ့ principles of Distinction မူကို ချိုးဖောက်တာဖြစ်ကြောင်း၊ ICC ရောမစာချုပ် ပုဒ်မ ၈ ရဲ့ “အရပ်သားပြည်သူများ၊ ဆေးရုံဆေးခန်းနဲ့ IDPs camp တွေကို တိုက်ခိုက်ခြင်းဟာ ပြင်းထန်လွန်းတဲ့ စစ်ရာဇဝတ်မှု ဖြစ်တာကြောင့် ထိရောက်တဲ့ အရေးမှုတွေ ဆောင်ရွက်စေလိုကြောင်း” ကျောက်တော် လူငယ်များအစည်းအရုံး တာဝန်ရှိသူက ဆက်ပြောပါတယ်။
“အခုလို အကြမ်းဖက် အာဏာသိမ်း စစ်ကော်မရှင်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ ရက်ရက်စက်စက် လေကြောင်းဗုံးကြဲ သတ်ဖြတ်တာတွေကို ထိထိရောက်ရောက် စုံစမ်းအရေးယူပေးရန် ကုလသမဂ္ဂရဲ့ IIMM မြန်မာနိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကို ဝင်ရောက်စုံစမ်းစေလိုပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက် ညွှန်ကြားသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ်။”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၂၅ ခုနှစ် အတွင်းမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၃၇ ခု၊ အရပ်သား ၁,၂၉၇ ယောက် သေဆုံးခဲ့ပြီး အများဆုံး သေဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း “မြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၏ နောက်ကွယ်မှ ဒေတာများ” က ဖော်ပြထားပါတယ်။











