DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း မန္တလေးတိုင်းတွင် စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ၃၈၄ ဦးသေဆုံး
DVB
·
July 14, 2023
၂ နှစ်ကျော်အတွင်း မန္တလေးတိုင်းတွင် စစ်အုပ်စုသတ်ဖြတ်မှုကြောင့် ၃၈၄ ဦးသေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၇၉၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၈၇၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၈၄၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၇၅ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီကနေ့အထိ  အကြမ်းဖက်စစ်အုပ်စုကြောင့် မန္တလေးတိုင်းမှာ ၃၈၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီထဲမှာ ပစ်ခတ်ခံရမှုကြောင့် ၁၄၈ ယောက် သေဆုံးခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေ အတွက်ကတော့ ၁၃၄ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မန္တလေးတိုင်းထဲမှာ ၄,၅၁၁ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၄,၂၁၀ ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲမှာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂,၆၅၄ ယောက် ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာသား ဦးစိန်ဝင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ကို မြင်းခြံအကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရချိန်မှာ အစာအိမ်သွေးကြောပေါက်ပြီးတော့ သေဆုံးသွားခဲ့တယ်လို့ ရဲစခန်းက မိသားစုဝင်တွေဆီ ဇူလိုင် ၂ ရက်က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ပြန်လည်ပေးအပ်မယ်လို့ ပြောခဲ့ပြီး မိသားစုဝင်တွေက ဆေးရုံ ရင်ခွဲရုံမှာ သွားထုတ်ခဲ့ပေမယ့် မရရှိဘဲ ဇူလိုင် ၃ ရက်မှာတော့ အကြမ်းဖက်စစ်အုပ်စုက မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013