DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ရာတွင် အထက်လွှတ်တော်အမတ်များ မဲပေးခွင့်ဥပဒေ ပြင်ဆင်ရန် တင်သွင်း
DVB
·
July 14, 2023
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ရာတွင် အထက်လွှတ်တော်အမတ်များ မဲပေးခွင့်ဥပဒေ ပြင်ဆင်ရန် တင်သွင်း
Donate to DVB

ထိုင်းဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ရာမှာ စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေ မဲပေးခွင့်ရှိတဲ့ ဥပဒေ ပုဒ်မ ၂၇၂ ကို ပြင်ဆင်ဖို့အတွက် ကောက်ကလိုင်ပါတီ (Move Forward Party) က ဇူလိုင် ၁၄ ရက် ဒီကနေ့ညနေ ၃ နာရီမှာ လွှတ်တော်ဥက္ကဋ္ဌထံ ပန်ကြားလွှာ တင်သွင်းရာမှာ လွှတ်တော်ဥက္ကဋ္ဌက လက်ခံလိုက်ပါတယ်။

အခုလို အထက်လွှတ်တော်အမတ်တွေရဲ့ မဲပေးခွင့်ပိတ်လိုက်တာဟာ နိုင်ငံရေး ရှေ့ဆက်သွားနိုင်ဖို့ ထွက်ပေါက်ရှာလိုက်တာဖြစ်ကြောင်း၊ မနေ့က ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲမှာ လွှတ်တော်အမတ် ၁၅၉ ဦးက မဲမပေးခဲ့ကြသလို နောက်ထပ် ၄၀ ကျော်ကလည်း ရွေးချယ်တင်မြှောက်ပွဲ မဝင်ခဲ့ဘူးလို့ Move Forward Party ပြောခွင့်ရ အထွေထွေအတွင်းရေးမှူး နိုင်းချိုင်းထဝပ် တုလားထွန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း အထက်လွှတ်တော်အမတ်တချို့က သူတို့အနေနဲ့  ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်တဲ့ထဲမှာ မပါဝင်လိုဘူးလို့ ပြောခဲ့ဖူးတာရှိကြောင်း၊ တချို့ကလည်း ဖိအားပေးခံရတာတွေ ရှိနေတယ်လို့ ပြောကြောင်း၊ သူတို့အနေနဲ့ ဖိထားကို ထောက်ခံလိုက်ရင် တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိနေတာကြောင့် အခုလို မဲပေးခွင့်ဥပဒေ ပြင်ဆင်လိုက်ခြင်းအားဖြင့် အဘက်ဘက်အတွက် စိတ်သက်သာရာ ရသွားမယ်လို့   ဖွေ့ထိုင်းပါတီနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်ချလိုက်တာလို့ ပြောပါတယ်။

ဒီဥပဒေကို ပြင်ဆင်တာဟာ အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့အစိုးရလက်ထက်တွေမှာလည်း လွှတ်တော်မှာ တင်ပြခဲ့ဖူးကြောင်း၊ အဲဒီတုန်းက ဖုမ်ကျိုင်းထိုင်းပါတီ၊ ဒီမိုကရက်ပါတီတွေကလည်း ပယ်ဖျက်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပုဒ်မ ၂၇၂ ကို ပြင်ဆင်မယ့်အစား အထက်လွှတ်တော်အမတ် အများစုနဲ့ ရှုံးနိမ့်ပါတီတွေဘက်က အဆိုပြုတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်မယ့် ပါတီမူဝါဒကို ဖြုတ်လိုက်လို့ မရဘူးလားလို့ သတင်းထောက်တွေက မေးရာမှာ ပါတီပြောခွင့်ရက အဲဒီပုဒ်မကို ဖြုတ်ပေမဲ့ အာဏာဟောင်းကို ဖက်တွယ်ထားလိုတဲ့ဘက်ကတော့ နောက်ထပ်အပြစ်တွေရှာကြံပြီး သူတို့ပါတီကို အတိုက်အခံဘက်ကို မရောက်ရောက်အောင် တွန်းပို့မှာပဲလို့ Move Forward Party ပြောခွင့်ရ အထွေထွေအတွင်းရေးမှူး နိုင်းချိုင်းထဝပ် တုလားထွန်းက ပြောပါတယ်။

“ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် LINE group ထဲမှာ အထက်လွှတ်တော်အမတ်တွေ အချင်းချင်း ပြောဆိုတာတွေ အပြင်ကို ပေါက်ကြားလာတဲ့ထဲက Move Forward Party ဟာ သူတို့ထောက်ခံမဲရဖို့ ပုဒ်မ ၁၁၂ ကို လက်လွှတ်နိုင်တယ်။ ဒါပေမဲ့ အဲဒီထက် ဆိုးဝါးတဲ့ အကြံအစည်တွေ ရှိလိမ့်မယ်လို့ သတိထားကြလို့ ပြောတယ်။ မနေ့က လွှတ်တော်ထဲမှာလည်း ပြောတာပဲ၊ ဒါကြောင့် ဒီပုဒ်မ ၂၇၂ ကို ပြင်ဆင်ဖို့ တင်သွင်းရတာ။”

အဆိုပါပုဒ်မကို ပြင်ဆင်ဖို့ဆိုရင် လွှတ်တော်ဥပဒေအရ လွှတ်တော်တရပ်လုံးရဲ့ ထောက်ခံမဲ တဝက်ကျော် ၃၇၆ မဲအထက် ရရှိရမှာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ညွန့်ပေါင်းပါတီဘက်က ၃၂၄ မဲ ရမှာဖြစ်ပေမဲ့ အထက်လွှတ်တော်အမတ်ထံက အနည်းဆုံး ၈၄ မဲအပြင် အတိုက်အခံပါတီဘက်က ထောက်ခံမဲ ၂၀ ရာခိုင်နှုန်းပါ ပါဝင်ရပါမယ်။ ပြဿနာမှာ ဒီနေ့ထိ အစိုးရမဖွဲ့နိုင်သေးတာကြောင့် အတိုက်အခံပါတီလည်း မရှိသေးတာပါ။

ထိုင်းနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က ဝန်ကြီးချုပ်ရွေးချယ်ရာမှာ အထက်လွှတ်တော်အမတ်တွေ မပါဝင်ခဲ့ပါဘူး။ အောက်လွှတ်တော်အမတ်တွေချည်းသာ အစိုးရနဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ပုဒ်မ ၂၇၂ ကတော့ စစ်အစိုးရလက်ထက်မှာ ရေးဆွဲကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

Move Forward Party အနိုင်ရရေး ကူညီမဲဆွယ်ပေးခဲ့တဲ့ Future Forward Party (ပါတီဖျက်သိမ်းခံရ) ပါဝင်တည်ထောင်သူ နိုင်းပီယ ပူလုတ်ကတော့ သိုးမည်းလို ရင်ကိုကော့ပြီး အတိုက်အခံဘက် ရဲရင့်စွာပြောင်းလိုက်ဖို့ အကြံပြုထားပါတယ်။

ပါတီထောက်ခံသူတချို့ကလည်း ရာထူးဌာနရရေးထက် ပါတီရဲ့ မူဝါဒကို မြဲမြံစွာထိန်းသိမ်းပြီး သိက္ခာရှိစွာ လက်လွှတ်ကာ အတိုက်အခံဘက်ကနေ ပြည်သူ့အကျိုး သယ်ပိုးသွားဖို့၊ ဒါဆိုရင် နောင်လာမယ့် ၄ နှစ်မှာ တနိုင်ငံလုံး လိမ္မော်ရောင်တွေ လွှမ်းစေရမယ်လို့ အားပေးနေကြပါတယ်။

နန်းမြနဒီ

Ref: ThaiPBS/TV3/ChiangMaiNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013