Home
မြန်မာသတင်း
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ဒေသတွင်း ဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ ၇၄ သန်းကျော် ထပ်ကူညီမည်
DVB
·
July 14, 2023

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဒေသတွင်း ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီ အမေရိဒေါ်လာ ၇၄ သန်းကျော် ထပ်မံပေးအပ်သွားမယ်လို့ ကြေညာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဥဇရာဇေရာနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာတို့ တွေ့ဆုံမှုအပြီးမှာ ခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီအကူအညီ အမေရိကန်ဒေါ်လာ ၇၄ သန်းကျော်ထဲက ဒေါ်လာ ၆၁ သန်းကိုတော့ မြန်မာပြည်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဒေသခံ လူမှုအသိုင်းအဝန်းအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် ခိုလှုံနေထိုင်နေပြီး အများစုကတော့ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လကတည်းက အမေရိကန်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်တိုက်ထောက်ပံ့နေခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ အကူအညီ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ခုထပ်မံထောက်ပံ့တဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က ပဋိပက္ခဒဏ်ခံရတဲ့ တခြားဒုက္ခသည်တွေအတွက်သာမက စစ်အာဏာ သိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေအပါအဝင် တခြားသော ထိခိုက်လွယ်အုပ်စုဝင်တွေအတွက် အရေးပါတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ကို ဖြည့်ဆည်းရာမှာ ကူညီပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းမှာ ပဋိပက္ခတွေ ဆက်လက်ပြီးတော့ ဖြစ်ပွားနေတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခြေအနေတွေ မလုံခြုံသေးဘူးလို့ အမေရိကန် အရပ်ဘက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဥဇရာ ဇေရာက ပြောလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ထပ်တိုးပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ ပြည်သူတွေနဲ့ ဒေသခံ လူမှုအသိုင်းအဝန်းတွေကိုလည်း အမေရိကန်က ချီးကျူးဂုဏ်ပြုလိုက်ပြီးတော့ မြန်မာနိုင်ငံက အခြေအနေတွေ ခွင့်ပြုတဲ့အခါ အိုးမဲ့အိမ်မဲ့ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းမှုနဲ့ သူတို့ရဲ့ သဘောထားဆန္ဒအရ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့တဲ့ နေရပ်ပြန်နိုင်ရေးနဲ့ ပြန် လည်ပေါင်းစည်းရေး အပါအဝင် အကျပ်အတည်းတွေအတွက် ရေရှည်တည်တံ့တဲ့ အဖြေတွေကို ရှာဖွေဖို့လည်း ကတိပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024