ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ လုံခြုံရေးဂိတ် ဇူလိုင် ၁၃ ရက် မနေ့ ည ၈ နာရီက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဗုံးပေါက်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ရောက်လာကာ သေနတ်နဲ့ ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဇီးဖြူကုန်းကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးပေါက်ပြီးတော့ သေနတ်သံကြားရတယ်။ ရမ်းသန်းပြီးပစ်တဲ့ပုံစံမျိုး၊ ဒဏ်ရာရတဲ့သူတွေ ရှိတယ်ပြောတယ်၊ ဘယ်နှယောက်လဲ ဆိုတာတော့ မသိရဘူး။ မနက်က ပျက်စီးတာတွေ ရှင်းနေတယ်။”
လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးပေါက်တာ မှန်ကန်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေ မသိရကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဗုံးပေါက်တာတော့ မှန်တယ်။ သေတာတွေ ဒဏ်ရာရတာတွေ မသိရသေးဘူး။ စစ်တပ်ရော ရဲရော မပြောဘူး။ ရဲစခန်းတဝိုက်တော့ စစ်ဆေးနေတယ်။”
လတ်တလောမှာတော့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့နဲ့ ရဲစခန်းနဲ့နီးစပ်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။