
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ဆင်မရဲရွာကနေ ဆင်ချောင်းကျေးရွာဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၇ ယောက်ကို သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး ကျေးရွာ ၂ ရွာကြားမှာ မိုင်း ၅ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ရေစကြိုမြို့နယ် ခလရ ၂၅၆ တပ်ထဲမှာ ပခုက္ကူ ၁၀၁ တပ်မမှူး အစည်းအဝေးလာလုပ်မယ်လို့ သတင်းရတာကြောင့် ဇူလိုင် ၃ ရက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုပကဖ ကနေ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့မှာလည်း ဇူလိုင် ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ခိုအောင်းနိုင်တဲ့ နေရာတွေနဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ဖြုတ်ချတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။
မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့ မြောက်ဘက်စစ်ဆေးရေးဂိတ်နဲ့ စစ်(...)၊ ရဲ(...)တွေ ခိုအောင်းနိုင်တဲ့ နေရာတွေကို ဇူလိုင် ၁၂ ရက် မနက် ၉ နာရီကျော်လောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ကာ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတွေ တွေ ခိုအောင်းနိုင်တဲ့ နေရာတွေကိုလည်း မနက် ၉ နာရီ ၁၅ မိနစ်ကနေ ညနေ ၅ နာရီ မိနစ် ၂၀ အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့အနောက်ဘက် စစ်ကောင်စီရဲ့ ကိုဆောင်စစ်ဆေးရေးဂိတ်က ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ ရမ်းကားပစ်ခတ်လိုက်လို့ သေဆုံးခဲ့တဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ကို နာရေးကားနဲ့ လာသယ်စဥ် လုံခြုံရေးလိုက်ပါလာတဲ့ စစ်အုပ်စုတွေကို မြိုင်ပကဖက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။