
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် တပတ်အတွင်း ဒေသခံအမျိုးသား ၄ ယောက် အသတ်ခံလိုက်ရပြီး နေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရကာ စစ်ကြောင်းရန်ကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရပါတယ်။
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်ကြားက ကျေးရွာတွေကို စစ်တပ်က အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံတွေကို သတ်ဖြတ်သလို နေအိမ်တွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ် ပကဖ ဘက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန် ၂၇ ရက်ကတည်းက တပ်မ ၁၀၁ ကနေ ထွက်ခွာလာတာဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်က စတင်ကာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကနေ မြိုင်နယ်ထဲကို စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
ဒါကြောင့် ဇူလိုင် ၁၃၊ ၁၄ နှစ်ရက်ဆက်တိုက် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ ဒရုန်းဗုံးကြဲမှုတွေ ရှိခဲ့သလို အခုချိန်ထိ စစ်ရေးတင်းမာနေပါတယ်။
မြိုင်မြို့နယ် ပကဖ တယောက်က “ရွာတွေကတော့ ရှောင်နေရတယ်။ အခုလည်း စစ်ကြောင်းထိုးနေတုန်း ၁၃ ရက်လောက် ရှိပြီ။ အင်အားက ၆၀၀ လောက် ပါတယ်။ ဟိုနေ့ကဆို ရွာစဉ်လှည့်ပြီး မီးရှို့သွားတာပဲ၊ ရွာတွေမနည်းဘူး၊ ထောက်ရှာပင်၊ ကန်နက်၊ လက်ခုပ်ပင် အများကြီးပဲ။ အခုလည်း ထပ်တိုးနေတယ်။ မိသွားတဲ့ ပြည်သူတွေလည်း အသတ်ခံရတယ်၊ ကန်နက်က ၂ ယောက်ဆို အင်္ဂါတွေကိုဖြတ်၊ ခြေချင်းဝတ်ကို ဓားနဲ့ရစ်၊ လည်ပင်းကို ဓားနဲ့ရစ်ပြီး သတ်သွားတာ။ အခုလောလောဆယ် မှော် (ရေနံမှော်) ဘက် တိုးနေတယ်၊ ကျွဲတွင်းရွာဘက် ရောက်သွားပြီ။ စက်မှု ၂ ထဲ အရင်ရောက်နေတာနဲ့ပေါင်းရင် အင်အားကမနည်းဘူး၊ ၈၀၀၊ ၁,၀၀၀ ပဲ။ အိမ်တွေမီးရှို့ပြီး ရက်ရက်စက်စက် သတ်တာပဲ၊ အကြောက်တရားပေးတာပေါ့။ ဒီကောင်တွေလည်း ကျတယ်၊ လူရင်းပြီး တိုးနေတာ” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းကနေ သတ်ဖြတ်သွားလို့ သေဆုံးသူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပါတယ်။
မြိုင်မြို့နယ် ကန်နက်ရွာက သက်ကြီး အမျိုးသား ၂ ယောက်၊ မြင်းကိုးသစ်ရွာက တယောက်နဲ့ ကိုင်းတောမရွာက တယောက် စုစုပေါင်း ၄ ယောက်ဖြစ်ပြီး သတ်ဖြတ်ခံရသူ ထပ်ပြီး ရှိနိုင်သေးတယ်လို့ အညာမြေ အရပ်ဖက်အဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ကန်နက်၊ လက်ခုပ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမနဲ့ ထန်းငယ်တောကျေးရွာတွေက နေအိမ် ၅၀ ထက်မနည်းအပြင် ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ လုံးလည်း မီးရှို့ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် ပေါက်နဲ့ မြိုင်မြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ကျော်မှာ နေထိုင်တဲ့ ပြည်သူသောင်းနဲ့ချီ ထွက်ပြေးနေရပြီး အကူအညီတွေလည်း လိုအပ်နေကြပါတယ်။
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက “တိမ်းရှောင်ရတဲ့ပြည်သူက ကျနော်တို့ မြိုင်နယ်ဘက်အနေအထားမှာ ကျေးရွာပေါင်း ၂၄ ရွာက ပြည်သူပေါင်းက ၁၃,၀၀၀ အထက် ရှိသွားလိမ့်မယ်ဗျ။ အရေးပေါ်ရိက္ခာတွေလည်း လိုတယ်ဗျ။ ဒါ့အပြင် စစ်ကြောင်းထိုးတာက စိုက်ချိန်၊ ပျိုးချိန်မှာ အဓိကရောက်နေတာ ဖြစ်တဲ့အတွက် ပဲစိုက်တောင်သူတွေ၊ စပါးစိုက်တောင်သူအချို့ စိုက်ဖို့ ပျိုးဖို့ နောက်ကျလိမ့်မယ်ဗျ။ ပြီးတော့ စစ်ကြောင်းဝင်တဲ့ဘက်က မြေပဲ၊ ပဲစင်းငုံ အဓိကစိုက်တဲ့ အနေအထားဗျ။ သူတို့ မီးရှို့တာတွေကလည်း တောင်သူတွေရဲ့ စိုက်မျိုးတွေ ပါသွားလိမ့်မယ်ဗျ။ ဆိုတော့ ဒီနေ့အနေအထားက အရေးပေါ်ရိက္ခာလိုအပ်တာအပြင် တောင်သူတွေမှာ စိုက်တာက နောက်ကျမဲ့ အနေအထားဆိုတော့ အဲဒီဆုံးရှုံးမှုတွေ ရှိလိမ့်မယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တိမ်းရှောင်ရသူတွေကို မြို့နယ်လူသားစာနာအဖွဲ့ရယ်၊ ဒေသခံအချင်းချင်းရယ်၊ တသီးပုဂ္ဂလ အလှူရှင်တချို့ရယ်က ကူညီပေးနေကြပြီး နေ့စဉ်နဲ့အမျှ စစ်ရှောင်ဦးရေ ထပ်တိုးနေပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်ဘက်ကနေ အလင်းဝင်လာသူတချို့နဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းမိသူတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းဟာ ရေနံမှော်ဘက်ကို ဦးတည်နေကြောင်း သိတဲ့အတွက် လေကြောင်းသတိပြုကြဖို့ကိုလည်း သတိပေးပါတယ်။
စစ်ကြောင်းကတော့ စက်မှု ၂ ဝန်းကျင်နဲ့ ကျွဲတွင်းရွာဘက်မှာရှိနေပြီး စစ်ရေးတင်းမာနေတုန်း ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမျိုး လုပ်လေ့မရှိပါဘူး။
စိုးသူအောင်










