
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး သာစည်ရွာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းစစ်ဌာနချုပ်အသီးသီးကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ဒေသခံအများစုဟာ ကလေးမြို့ပေါ်ကို တိမ်းရှောင်လာကြပါတယ်။
ဇွန်လလယ်ပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုတွေ များလာပြီး ရွာမှာမနေရဲကြေတာ့ဘဲ မြို့ပေါ်ကို တိမ်းရှောင်လာကြတာလို့ သာစည်ရွာ ဒေသခံတဦးက ပြောပါတယ်။
“ရွာပိုင်းမှာက အခြေအနေမကောင်းလို့ မြို့ပေါ် ဘုန်းကြီးကျောင်းမှာ လာနေတာပါ။ နေလို့မရအောင် ပြင်းထန်တဲ့ အနေအထား မဟုတ်ဘူး။ လက်နက်ကြီးရန် ကြောက်တော့ လာရှောင်နေကြတာပါ။ တချို့ကလည်း ရွာအနီးက တောထဲမှာ နေခဲ့ကြတာ။”
လတ်တလောမှာ ကျေးရွာကနေ တနိုင်တပိုင် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သယ်ယူနိုင်ခဲ့တာကြောင့် အဆင်ပြေတဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်အများစုကတော့ မြို့တွင်းက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပြီး တချို့ကတော့ အိမ်ငှားတွေနဲ့ ဆွေမျိုးအိမ်တွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ကလေးမြို့အနီးက သာစည်ရွာ၊ ချင်းဆိုင်ရွာ၊ ဇင်းကလင်းရွာ၊ ရေလဲဦးရွာ၊ စံသာရွာ၊ နဂါးပွတ်ရွာ၊ လေးအိမ်စုရွာ၊ သုံးအိမ်စုရွာ စတဲ့ မြို့အနီး ကျေးရွာက ဒေသခံထောင်ချီ မြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။
ကလေးမြို့နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ် တာဟန်းရပ်ကွက် အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတွေမှာ အသက်မပြည်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။










