DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ကျောင်းသားသွားကြိုသည့်စစ်ကား ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်   ၃ ဦးသေဆုံး
DVB
·
July 14, 2023
ထားဝယ်တွင် ကျောင်းသားသွားကြိုသည့်စစ်ကား ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်   ၃ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် ဇဟာကျေးရွာအုပ်စု ပုလုကုန်းရွာမှာ ဇူလိုင် ၁၂ ရက်ညနေက ကျောင်းသားသွားကြိုတဲ့ စစ်ကောင်စီတပ်ကကားတစီး သေနတ်နဲ့ပစ်ခတ်ခံရပြီး လမ်းဘေးထိုးကျသွားကာ အရာခံဗိုလ်နဲ့ တပ်ကြပ်ကြီး အပါအဝင် ၃ ယောက် သေဆုံးသွားတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

အဲဒီပစ်ခတ်တိုက်မှုကို ထားဝယ် ပကဖ DGRF တပ်ဖွဲ့ တပ်ခွဲ ၂ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာတဲ့ စစ်သား ၅ ယောက်ထဲမှာ တပ်ကြပ်ကြီးကျော်ကျော်ဌေး၊ အရာခံဗိုလ်တယောက်နဲ့ တပ်သားတယောက်  သေဆုံးပြီး ကျန် နှစ်ယောက်  စစ်တပ်ဆေးရုံမှာ ဆေးကုသနေရတယ်လို့  DGRF က ထုတ်ပြန်ထားပါတယ်။

ဇဟာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်က​နေ သပြေ​ချောင်းတပ်နယ်မှာ ကျောင်းသားတွေကို ကြိုဖို့အသွား လမ်းမှာတိုက်ခိုက်ခံရတာဖြစ်ပြီး ကျောင်းသားတွေ ကျောင်းကားပေါ် လိုက်လာခြင်းမရှိသေးခင် တိုက်ခိုက်ခဲ့တာလို့  DGRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကားက လမ်းဘေးထိုးကျသွားပြီး စစ်ကောင်စီတပ်က စစ်ကူတွေ ရောက်လာတာကြောင့် လက်နက်တွေကို သွားမယူနိုင်ဘဲ ပြန်ဆုတ်ခွာလာရတယ်လို့ ထားဝယ် ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

DGRF ပြန်ကြားရေးတာဝန်ခံက  "ဖြစ်တဲ့နေရာနဲ့ ၃၀၂ အမြောက်တပ်က တော်တော်နီးတော့ ဖြစ်ပြီးချင်းချင်း စစ်ကူတွေ ချက်ချင်းရောက်လာတယ်။ ကားပေါ်ပါတဲ့တယောက်ကလည်း ခံပစ်သေးတယ်"လို့ ဒီဗွီဘီကို​ပြောပါတယ်။

လမ်းဘေးထိုးကျသွားတဲ့ကားကို ကရိန်းကားနဲ့ စစ်ကူကားတွေက လာသယ်သွားပြီး အနီးအနားရှိ ထန်းရည်ဆိုင်တဲကိုမီးရှို့ခဲ့ကာ  အရပ်သား နှစ်ယောက် ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့သိရပါတယ်။

ပစ်သတ်ခံရတဲ့ အရပ်သား နှစ်ယောက်ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဟားလီးအကွေ့မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့ ထားဝယ်ပကဖတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ဆက်စပ်တဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ DGRF အဖွဲ့က မေတ္တာရပ်ခံ အသိပေးထားပါတယ်။

ထားဝယ်မြို့အဝင် ဇဟာရွာနဲ့ မောင်မယ်ရှောင်လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏမိုင်းဆွဲခံရလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013