

အသင်းခေါင်းဆောင်သစ်ကို မဲစနစ်နဲ့ ဆုံးဖြတ်မှာမဟုတ်ကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ယူနိုက်တက်ဟာ နောက်ခံလူမက်ဂွဲယားကို အသင်းခေါင်းဆောင်ရာထူးကနေ ရုပ်သိမ်းခဲ့ပြီး လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်အသစ် ခန့်အပ်တာဝန်ပေးသွားမှာပါ။
အသင်းခေါင်းဆောင်သစ်ခန့်အပ်ရာမှာ ကစားသမားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်မှာမဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုခဲ့ပြီး သူကိုယ်တိုင်ခန့်အပ်သွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပွဲစဉ်အများစုကို အသင်းခေါင်း ဆောင်အဖြစ်တာဝန်ယူခဲ့တာပါ။
နည်းပြအဲရစ်တန်ဟတ်ဂ်ဟာ ဖာနန်ဒက်စ်ကိုပဲ အသင်းခေါင်း ဆောင် တာဝန် ဆက်လက်ပေးအပ်ဖို့ရှိနေပြီး လိဒ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင်တာဝန်ယူခဲ့သူ ဗာရန်းဟာလည်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။