
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက ရာနဲ့ချီတဲ့ စစ်ကားတွေဟာ ကားလမ်းတလျှောက် နေ့စဥ် သွားလာမှုရှိခဲ့တယ်လို့ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ ဓာတ်ဆီဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။
“မနက်ပိုင်းဆို အစီးရာချီ ပေါက်ချလာတယ်။ ညနေဆို ပြန်ဆင်းကြတယ်။ ကားတွေက အလုံပိတ်တွေလည်း ပါတယ်။ တပ်သားတွေအပြည့်နဲ့လည်း ပါတယ်။ ကျနော်သိသလောက်တော့ တပ်မှာ လူစားလဲကြတာ၊ အင်အားထပ်ဖြည့်တာလိုလိုတော့ ကြားတယ်။”
မနေ့ ဇူလိုင် ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ကားအစီးရေ ၅၀ လောက်ဟာ ကားလမ်းတလျှောက် အသွားအပြန်ရှိခဲ့ပြီး ကျောက်တော်၊ မြောက်ဦးတို့မှာရှိတဲ့ တပ်ရင်းတွေကို ရိက္ခာဖြည့်တင်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ မြောက်ဦးဒေသခံတဦးက ဆိုပါတယ်။
“ကျနော် ကျောက်တော်ဘက်သွားရင်း တွေ့တာ။ အဲ့ကားတွေက ကျောက်တော် တပ်မမှာ ရပ်ကြတယ်။ သူတို့ကားတွေထဲမှာ လောင်စာဆီတင်ကားတွေလည်း ပါတာတွေ့တယ်။ မြောက်ဦးနယ်ဘက်က သူတို့တပ်စွဲထားတဲ့ မကျည်းကုန်းတောင်မှာ ရိက္ခာချကြတယ်။ ပြီးတော့ သင်းကျိတ်တောင်နားမှာလည်း ကားတန့်ပြီး ဆင်းကြတာ တွေ့ခဲ့တယ်။”
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်ကောင်စီတပ်အနေနဲ့ ရခိုင်ပြည်တွင်းက မြို့နယ်အနှံ့မှာ မြို့တွင်းနေရာအနှံ့ လုံခြုံရေးချတာ၊ စစ်ကားနဲ့ မြို့အနှံ့ပတ်တာ၊ ကင်းပုန်းဝပ်တာတွေကို လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ အင်အားနဲ့ ရိက္ခာတွေ ဆက်ဖြည့်တင်းမှု ရှိလာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်တွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ စစ်ရေးအခြေအနေဟာ နှစ်ဖက်နားလည်မှု ယူထားဆဲဖြစ်ပြီး ဒီအတောအတွင်း စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် စစ်ရေးမငြိမ်သက်မှုတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။










