DVB Logo
Home
မြန်မာသတင်း
ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်၊ ရွှေကူ ခလရ-၅၆ တိုက်ခိုက်ခံရ၊ ဗန်းမော်မြို့ ၌ ညမထွက်ရ အမိန့်ထုတ်
DVB
·
July 13, 2023
ကာမိုင်းမြို့တွင် တိုက်ပွဲဖြစ်၊ ရွှေကူ ခလရ-၅၆ တိုက်ခိုက်ခံရ၊ ဗန်းမော်မြို့ ၌ ညမထွက်ရ အမိန့်ထုတ်
Donate to DVB

ကချင်ပြည်နယ် ကာမိုင်းမြို့အနီးမှာ ဇူလိုင် ၁၂ ရက် မနက်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ်  ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIAတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ကာမိုင်း၊ လဝါးလမ်း အင်ဘရော့ လမ်းဆုံ အနီး ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်လာသူ အမျိုးသားတဦး ကျည်ဆန် ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“မနက် ၁၀ နာရီလောက်က အင်ဘရော့ လမ်းဆုံမှာ စစ်တပ်နဲ့ KIAတို့ တိုက်ပွဲဖြစ်တယ်။  အဲ့ဒီနေရာကို ကာမိုင်းဘက်ကနေ ဆိုင်ကယ် နဲ့ ဖြတ်မောင်းတဲ့ အမျိုးသားတဦး ကျည် ထိပြီးသေတယ်။ အသက်ကတော့ ၅၀ ကျော်လောက်ရှိတယ်။ ဘယ်ဘက်ကပစ်တဲ့ ကျည် ထိလဲတော့ မသိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ကျည်ထိမှန် သေဆုံးခဲ့သူဟာ ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်မှာ နေထိုင်သူ အသက် ၅၀ ကျော်အရွယ် ဦးကျော်ဆွေဦးဆိုသူဖြစ်ပါတယ်။

ကာမိုင်းမြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA/PDFတို့ စစ်ရေးတင်းမာနေသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း  လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေး တင်းကျပ်ထားပြီး ပြီးခဲ့တဲ့ မတ် ၃၀ ရက်က စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးအပြီး ဖြတ်သန်းလာတဲ့ ကားတစီးကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ယာဉ်မောင်း ကိုမိုက်မိုက် ဆိုသူ သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ​ခလရ-၅၆ ခြေလျင်တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“ရွှေကူမြို့မှာ ခြေလျင်တပ်ရင်း-ခလရ-၅၆ နဲ့ ခြေမြန်တပ်ရင်း၊ ခမရ-၆၀၂ ရှိတာ ခလရ-၅၆ ထဲကို ဒရုန်းနဲ့ ဗုံး ၃ လုံးချတာဗျ၊ အရာရှိတွေပါ ထိတယ်” လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့ညက စတင်ပြီး ည ၉ နာရီက‌နေ မနက် ၄ နာရီထိ ညမထွက်ရ မာရှယ်‌လောဥပဒေ စစ်တပ်က ထုတ်ပြန်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လိုင်ဇာမြို့နဲ့နီးတဲ့ နမ်ဆန်ယန်ဘက်မှာ KIA နဲ့ စစ်တပ်တိုက်ပွဲဖြစ်နေတာ စစ်တပ်ဘက်က အထိနာနေတာ၊ ဒါကြောင့် မာရှယ်လောထုတ်လိုက်တာ‌ နေမှာ။ သူတို့အထိနာရင် လေယာဉ်နဲ့ ဗုံးကြဲမယ်၊ ရွာတွေကိုမီးရှို့မယ်၊ အဲ့ဒါဆိုသေချာပြီ(စခ..)တွေ အထိနာနေလို့ပဲ” လို့ တော်လှန်ရေးနဲ့ နီးစပ်သူ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဗန်းမော်မြို့အပြင်ဘက်နဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော ဘက်ကနေ နမ်ဆန်ယန်ဘက်ကို သွားတဲ့ လမ်းကြောပေါ်မှာ စစ်ကောင်စီက စစ်အင်အားဖြည့်ကာ စစ်ရေးလှုပ်ရှားနေပြီး နမ်ဆန်ယန်ဘက်ကိုလည်း လူသူလက်နက် စစ်အင်အား အဆက်မပြတ်ပို့နေကြောင်း၊ မံစီမြို့နယ် နမ်လင်းပါ၊ မုန်းဒင်ပါဘက်တို့မှာလည်း စစ်ကြောင်းတွေရှိနေတာကြောင့် ပြည်သူတွေ သွားလာမရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်၊ နားလုံ၊ လွယ်မောက်ယန် လမ်းကြောပေါ်မှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ လမ်း‌ကြောင်းပေါ်မှာရှိတဲ့ ရွာတွေက ဒေသခံတွေကို အတင်းအကျပ် စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013