
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဗဟိုဌာနချုပ် လိုင်ဇာအနီး ဇူလိုင် ၂ ရက်မှ စတင်ကာ စစ်ကောင်စီဝင်တွေက အင်အား အဆမတန်တိုးချဲ့ နယ်မြေကျူးကျော်လာတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက အဝင်အထွက်အသွားအလာ ရုတ်တရက် ပိတ်လိုက်တာကြောင့် ဇူလိုင် ၄ ရက်အထိ ခရီးသည်တွေ ဒေသခံတွေ ရာနဲ့ချီနီးစပ်ရာကျေးရွာတွေမှာ ပိတ်မိနေကြရတယ်လို့ နယ်ခံတွေက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေသူ တစ်ဦးက “ မနေ့မနက်ပိုင်းစောစော ၅ နာရီကျော်လောက်ကလည်း စစ်ကားတွေ အများကြီး နန်ဆန်ယန်လမ်းဘက် တက်သွားတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက် ကြားနေရတယ်။ အခုထိပဲ တိုက်ပွဲရက်ရှည်မှာ စိုးရိမ်တယ်။ ရက်အကြာကြီးလမ်းတွေ ပိတ်ထားရင် စားဝတ်နေရေး ခက်ခဲလာနိုင်တယ်”လို့ ပြောပါတယ်။
ဇူလိုင် ၃ ရက်က စပြီး ဒေါ့ဖုန်းယာန်အကျော် ခါလားယန်တောင်အနားက ကျေးရွာကနေ လမ်းကြောကို ပိတ်ထားတာဖြစ်ပြီး နားလုံကျေးရွာဘက်မှာ ပိတ်မိထားတဲ့ ဒေသခံတွေနဲ့ ခရီးသည်တွေ၊ ဈေးသည်တွေအပါအဝင် စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ခန့် ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအိုင်အေ နယ်မြေထဲသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်မှုတွေရှိခဲ့တာကြောင့် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိခဲ့ပြီး အခုဖြစ်တာကတော့ အခြေအနေ တော်တော်စစ်ရေးတင်းမာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားလာနိုင်လာနိုင်လို့ ပြည်သူတွေ သတိရှိကြဖို့လည်း ကေအိုင်အိုက အသိပေး ထုတ်ပြန်ထားပါတယ်။