DVB Logo
Home
မြန်မာသတင်း
ရွှေကူရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ
DVB
·
July 12, 2023
ရွှေကူရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့မရဲစခန်းကို ဇူလိုင် ၁၁ ရက် ညနေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူ ဒေသခံတဦးက “ညနေ ၃ နာရီလောက်က ရွှေကူ PDF က ဒရုန်းနဲ့ လာပစ်သွားတာ။ အဲ့ဒီအချိန်ကလည်း လူစုံတဲ့အချိန်ဆိုတော့ အတော်များများ ထိသွားတယ်။ ရဲ ၃ ဦးသေတယ်၊ ၆ ဦးလောက်က ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲ ရဲမေတဦးလည်းပါတယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး အရာရှိတဦး၊ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးတဦး၊ ရဲမေတဦး အပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရထားတဲ့အတွက် ရွှေကူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကလည်း ရွှေကူမြို့မရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ရွှေကူဒေသရဲ့ အရှေ့ဘက်ခြမ်းကို စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေ ငှက်ဖျားနဲ့ ရာသီတုပ်ကွေး အဖြစ်များနေတယ်လို့ ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် စီမူကြီး၊ စီမူလေး၊ နန့်လန်၊ မံဝိန်း၊ စီသာ စတဲ့ရွာတွေနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းဟာ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာပြီး တောတောင်တွေနဲ့ လယ်ယာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်လာကြတဲ့ ပြည်သူစုစုပေါင်း ၁၀,၀၀၀ ရှိတဲ့အနက် ၄,၀၀၀ ခန့်သာ နေရပ်ပြန်နိုင်ခဲ့ပြီး ၅,၀၀၀ ခန့် လက်ရှိထိ စစ်ဘေးရှောင်နေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

အခု မိုးကာလအတွင်းမှာတော့ အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်းနဲ့ သောက်သုံးရေ အဆင်မပြေမှုတွေအပြင် ငှက်ဖျားနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားမှု များပြားလာပြီး ဆေးကုသမှု ခံယူဖို့နဲ့ ဆေးဝါးရိက္ခာ အကူအညီတွေရရှိဖို့ လိုအပ်နေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ တာဝန်ခံက “ငှက်ဖျားနဲ့ပတ်သက်ပြီး ဆေးဝါးလိုအပ်ချက် တော်တော်ရှိနေတယ်။ အခုလက်ရှိက ရှိတဲ့ဆေးနဲ့ပဲ ကုသနေရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

တာဝန်ခံတဦးကလည်း “ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ခက်ခဲနေတယ်။ ရွာတွေမီးရှို့ခံရတယ်၊ ဆေးရုံလည်း လေကြောင်းနဲ့ ပစ်လိုက်ပြီဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုက မပေးနိုင်တော့သလောက် ဖြစ်နေပြီ။ ငှက်ဖျား၊ တုပ်ကွေး ဖြစ်တာအပြင် အသည်းရောင်အသားဝါတို့ ဝမ်းပျက်ဝမ်းလျေှာတာတို့လည်း တွေ့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်းက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးဝါးရိက္ခာတွေနဲ့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေပြီး ဆေးဝါးအကူအညီ မရရှိတဲ့ နေရာတွေမှာ ဆေးမြီးတိုတွေနဲ့ ကုသနေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ၊ Shwegu PDF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013