DVB Logo
Home
Lead Story
နွေဦးတော်လှန်ရေး ဒဿန အတွေး
DVB
·
July 12, 2023
နွေဦးတော်လှန်ရေး ဒဿန အတွေး
Donate to DVB

ဒီကာလမှာ တော်လှန်ရေးလုပ်နေကြပါတယ်ဆိုတဲ့ တချို့ရဲဘော် ရဲဘက်တွေရဲ့ အခက်အခဲ နာကျင်မှုဝေဒနာ၊ ဆင်းရဲဒုက္ခတွေကို ကျနော် တကယ်ကိုယ်ချင်းစာပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့ စစ်အာဏာရှင်တော်လှန်ရေး လုပ်နေသူတွေအထဲမှာ ကျနော်လည်း ထဲထဲဝင်ဝင် ပါနေသူမို့ ကိုယ်ချင်းစာနာပေးနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ ဇာတ်နာပြတာမျိုးကိုတော့ ကျနော် ‌သဘောမကျဘူး။ ဥပမာ တော်လှန်ရေးကာလအတွင်းမှာ အစားဆင်းရဲတာ၊ အနေအထိုင်၊ အအိပ်အနေ ဆင်းရဲချို့တဲ့တာတွေ ဓာတ်ပုံတွေရိုက်ပြီး ညည်းတွားပြတာတွေဟာ စစ်ခွေးတွေဝမ်းသာအောင် လေလည်ပြသလိုပဲလို့ ကျနော်ပြောချင်တယ်။

တော်လှန်ရေးမှာတော့ ငါတော့ဖြင့် ဘယ်လောက်ပေးဆပ်လိုက်ရတယ်။ ငါတို့ဘဝတွေတော့ ရင်းလိုက်ရတယ်။ ငါတို့ရှေ့အနာဂတ်တွေ မသေချာ မရေရာတော့ဘူးတို့ စတဲ့ အတွေးအခေါ်နဲ့ အရေးအသားတွေဟာ ရန်သူဝမ်းသာအောင် လုပ်နေ ပြောနေသကဲ့သို့ ဖြစ်နေတာ မိမိတို့ သတိမပြုမိဘူး ဖြစ်နေတာ။ စစ်လက်နက်ပါတဲ့ ဓာတ်ပုံတွေပါနေတာ၊ တချို့ အလုပ်ကိစ္စတွေ တစွန်းတစ ပါနေတာ၊ စတာတွေဟာ ရန်သူကို မသိလိုက် မသိသာ ရန်သူက စစ်စရာမလိုဘဲ ကိုယ်က ကိုယ့်ရဲ့အကြောင်း၊ ကိုယ့်အားနည်းချက်တွေကို ဖော်ပြနေတာနဲ့ အလားသဏ္ဌာန် တူနေပါတယ်။

ရန်သူဟာ ကျနော်တို့ရဲ့ သတင်းအချက်အလက် မှန်သမျှကို စုဆောင်းသိမ်းဆည်းပြီး ဖြစ်နိုင်ခြေအရှိဆုံး သတင်းအရင်းအမြစ်ကို တည်ဆောက်ပါတယ်။ ပြီးရင် စစ်ဆင်ရေးမှာ အသုံးချပါတယ်။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးရဲဘော်ရဲဘက် ညီအစ်ကို မောင်နှမတွေဟာ တော်လှန်ရေး စိတ်ရှည်သည်းခံမှု စွမ်းအားကို တည်ဆောက်သင့်ပြီး ကိုယ့်အကြောင်းကို ရန်သူမသိလေ ကောင်းလေဖြစ်အောင် သတင်းအချက်အလက်ကို ထိန်းသိမ်းသင့်ပါတယ်။

တော်လှန်ရေးသမား ချိုနဲ့လား

တော်လှန်ရေးလုပ်နေသူလို့ ပြောလိုက်ရင် လူတွေဟာ သေနတ်ကြီးနဲ့ စစ်ယူနီဖောင်း ပြောက်ကျားကြီး ပြေးပြေးမြင်ကြတာပဲ။ ဒီတော်လှန်ရေးကာလမှာ အဲဒီဖက်ရှင်နဲ့ ဓာတ်ပုံလေးတော့ ရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်မှ တော်လှန်ရေးလုပ်နေတယ် ထင်ကြတာ များတယ်။ အဲဒါကြီးနဲ့ လိမ်စားနေတဲ့ကောင်တွေ ရှိတယ်ဆိုတာလည်း သတိချပ်ကြစေချင်ပါတယ်။

အဲဒီ လက်နက်ကိုကိုင်ပြီး တော်လှန်ရေးလုပ်နိုင်ဖို့အတွက် ရိက္ခာတွေပို့ပေးနေတဲ့ ဆိုင်ကယ် ကယ်ရီ တော်လှန်ရေးသမားကိုလည်း မြင်အောင်ကြည့်ပါ။ အဲဒီလူရဲ့ အခန်းကဏ္ဍကိုလည်း လျှော့မတွက်ပါနဲ့။ အဲဒီရှေ့တန်းက သေနတ်ကိုင်ပြီးတိုက်ဖို့အတွက် နောက်တန်းမှာ ထမင်းဟင်းချက် စားရေရိက္ခာအတွက် လုံးပန်းပေးနေသူ တော်လှန်ရေးသမားကိုလည်း မြင်အောင်ကြည့်ပါ။ လေးစားပါ။ တန်ဖိုးထားပါ။

ကိုယ်ပိုင်နံပါတ် မရှိတဲ့ PDF

အရေးကြီးဆုံးကတော့ စကစတွေ လွှမ်းမိုးခြယ်လှယ်နေတဲ့ကြားက ဖိနှိပ်အုပ်ချုပ်‌နေတဲ့ကြားက သေနတ်ကိုင် စစ်ခွေးတွေကြား PDF တွေကို အစစအရာရာ ထောက်ပို့ပေးနေတဲ့ တော်လှန်ရေးသမား ပြည်သူတွေကိုလည်း မြင်တတ်စမ်းပါ။ သူတို့လည်း ကိုယ်ပိုင်နံပါတ်မရှိတဲ့ PDF တွေပါပဲ။ သူတို့ကို လျှော့မတွက်နဲ့၊ ငါတို့က ရှေ့တန်းမှာ သေနတ်ကိုင်ပြီး တိုက်နေရတာဆိုပြီး ပြည်သူကို အထင်မသေးမိပါစေနဲ့။ အပြစ်မမြင်ကြပါနဲ့။

တော်လှန်ရေးတရပ်ကို ဆင်နွှဲပြီဆိုရင် တော်လှန်ရေး လုပ်နေတာလား၊ ဪ ... အေး။ အဲဒါဆို သိပ်ပြီး အရမ်းကာရော ဇာတ်နာမပြကြစမ်းပါနဲ့လား။ သိပ်ကြွားမပြစမ်းပါနဲ့လား။ သိပ်ပြီး ဟီးရိုးကြီး လုပ်မပြစမ်းပါနဲ့လား။ စေတနာနဲ့ပြောတာပါ။ ကျနော်တို့ အနည်းငယ် စဉ်းစားကြည့်ရအောင်ပါ။

တော်လှန်ရေးလုပ်နေတာ တော်လှန်ရေးရုပ်ရှင်ဇာတ်ကား ရိုက်နေတာမဟုတ်ဘူး ဆိုတာ သဘောပေါက်ဖို့လိုတယ်။ တော်လှန်ရေးအလုပ်ဆိုတာ “ခုလင်ယူ ခုသားမွေး” လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ ကျနော်တို့ မျှော်လင့်တဲ့ မြင့်မြင့်မားမား ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်နဲ့ အညီ အဖိုးအစားအနား ပေးရမှာပဲဆိုတာ သတိချပ်ဖို့လိုပါတယ်။ သတိလက်လွတ်ဖြစ်လို့မရသလို ပေါ့ပေါ့ဆဆ နေလို့မဖြစ်ပါဘူး။

သေရင် မြေကြီး၊ ရှင်ရင် ဖက်ဒရယ်ဒီမိုကရေစီ ရွှေထီးဆောင်းရမယ်

စားလည်း ဒီတော်လှန်ရေးစိတ်၊ အိပ်လည်း ဒီတော်လှန်ရေးစိတ်၊ သွားလည်း ဒီတော်လှန်ရေးစိတ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် တိုက်ရင်း ခိုက်ရင်း သေရမယ် ဆိုရင်တောင် ဒီတော်လှန်ရေးစိတ်နဲ့ သေကြရမှာပါ။ အသေတန်အောင်ပေါ့ဗျာ။ ဒါ့ကြောင့်မို့ အခုလို ရေထဲမိုးထဲ ရောက်လာချိန်မှာ တော်လှန်ရေးအပေါ်မှာ ထားရှိရမယ့် ကျနော်တို့ရဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓာတ်တွေဟာ ဘာအကြောင်းကြောင့်နဲ့မှ ယိမ်းယိုင်သွားလို့မရဘူး။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေနဲ့ တော်လှန်ရေး လမ်းချော်သွားလို့မရဘူး။ ကျနော်တို့က သေရင်မြေကြီး၊ ရှင်ရင် ဖက်ဒရယ်ဒီမိုကရေစီ ရွှေထီးဆောင်းရမယ်ဆိုတာ ယုံကြည်ထားဖို့လိုမယ်။

ကျနော်တို့က တော်လှန်ရေးတော့ အောင်ချင်တယ်။ ဖက်ဒရယ်ဒီမိုကရေစီတော့ ရချင်တယ်။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးကြီး အောင်မြင်ဖို့၊ ဒီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ထူထောင်ဖို့ကျတော့ သိပ်ပြီး အားမစိုက်ချင်ဘူးဆိုရင်၊ သတိမကပ်ကြဘူးဆိုရင်၊ ပေါ့ပေါ့တန်တန် တွေးခေါ်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့အောင်မြင်ချင်တဲ့ အရေးတော်ပုံဟာ ပီပီပြင်ပြင်အောင်မြင်မှာ မဟုတ်ပါဘူး။

ကျနော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်နေတဲ့ တပြိုင်နက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ဖို့ စဉ်းစားတွေးခေါ်မြော်မြင်ပြီး အလုပ်လုပ်ကြဖို့ လိုပါတယ်။ မအလဟာ စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းပြီး အားကောင်းလာတဲ့ PDF ကို အရှိန်‌ေလျာ့အောင်လုပ်ဖို့ စိုင်းပြင်းလာတာတွေလည်း တွေ့ခဲ့ရပြီ။ အဲဒါကြောင့် မြေပြန့်တွေ၊ မြို့ပေါ်တွေမှာရှိတဲ့ လူငယ်တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အထွက်ဗျူဟာတွေ ခင်းထားဖို့လိုမယ်။ ကိုယ်က အရင် လက်ဦးမှုရယူဖို့ လိုတယ်။ နီးစပ်ရာ ကိုယ့်သူငယ်ချင်း‌တွေနဲ့ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေတွေဆီ အရောက်သွားကြဖို့ လိုပြီ။

စစ်ကျွန်ဇာတ်

အဲဒီလိုမဟုတ်ရင် မအလ ဟာ အရင်က ပေါ်တာဆွဲသလို လူငယ်တွေကို သူ့စစ်တပ်ထဲ ဆွဲခေါ်ပြီး စစ်ကျွန်ဇာတ်ခင်းတာတွေ လုပ်လာနိုင်တယ်။ မိဘပြည်သူတွေအနေနဲ့လည်း ဒီအချက်ကို ကောင်းကောင်းသဘောပေါက်ပြီး ကိုယ့်သားသမီးတွေအတွက် ကြိုတင်စီစဉ်ပြီး အကွက်ချထားသင့်တယ်။ ဒီတော့ အရွယ်ရောက်ပြီး အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက် လူငယ်တွေရှိရင် တော်လှန်ရေးအသိ သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပါလို့ တော်လှန်ရေး တပ်လှန့်လိုက်ရပါ၏...

အရေးတော်ပုံ မုချအောင်ရမည်

ချစ်မင်းနွဲ့ကြည် ရေးသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013