DVB Logo
Home
မြန်မာသတင်း
နမ့်တောင်းရွာတိုက်ပွဲတွင် TNLA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
DVB
·
July 12, 2023
နမ့်တောင်းရွာတိုက်ပွဲတွင် TNLA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
Donate to DVB

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ နမ့်တောင်းရွာအဝင်မှာ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ အလစ်ပစ်ခတ်ခံရတာကြောင့် TNLA ဘက်က ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်တောင်းဒေသခံတဦးက “နမ့်တောင်းမှာ ဒီမနက် ဟို နမ့်တောင်းရွာထိပ် အဲဒီ ရွာဆိုင်းဘုတ် လုပ်ထားတဲ့ နေရာနားမှာ ပလောင်စစ်သားတွေ ပိုက်ဆံကောက်ကောက်နေတာလေ။ အဲဒါကို စစ်ကောင်စီက လာချောင်းပစ်သွားတာ၊ စစ်ကောင်စီစစ်သားတွေ” လို့ ပြောပါတယ်။

နမ့်တောင်းရွာအဝင် ဆိုင်းဘုတ်နားလေးမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သား ၂ ယောက် သေဆုံးနေတာ တွေ့ရတယ်လို့ လမ်းသွားလမ်းလာတဦးက ပြောပါတယ်။

“ကျနော်အပြန် လမ်းပေါ်မှာ ပလောင်စစ်သား ၂ ယောက် တုံးလုံးကြီး၊ ပစ်သတ်ထားတာ။ ဘယ်သူမှ လာမကောက်ကြသေးဘူး အဲဒီအချိန်။” 

၁၀၅ မိုင်ဘက်ကနေ စစ်ကောင်စီတပ်က ကျောက်(ဗြုန်း)တင်တဲ့ ကားနဲ့လာပြီး ရုတ်တရက် ဝင်ပစ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“၁၀၅ မိုင်ဘက်က စစ်ကောင်စီတွေ ကားနဲ့လာပြီးတော့ ဝင်ပစ်သွားတယ်။ စစ်ကားနဲ့ မဟုတ်ဘူး၊ ဟို ကျောက်(ဗြုန်း) တွေတင်တဲ့ကားနဲ့ တိတ်တဆိတ်လာပြီး ရောက်တာနဲ့ ချက်ချင်း တန်းဝင်ပစ်သွားတာ။ ကြိုတင်စီစဉ်ထားပုံရတယ်။”

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေချိန် ရွာအဝင် ကုန်းဆင်းနားက ခေါက်ဆွဲဆိုင်မှာ လက်နက်ကြီးကျည် ထိမှန်သွားတာကြောင့် ခေါက်ဆွဲဆိုင် ထိခိုက်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။

၁၀၅ မိုင်နဲ့ နမ့်တောင်းကြား လမ်းမပေါ်မှာ TNLA စစ်သားတွေ လမ်းသွားလမ်းလာ ကားတွေကို ငွေကောက်ခံနေတာ လချီကြာပြီဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာမှာကိုတော့ အရင်ကတည်းက စိုးရိမ်စိတ်တွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားတာနဲ့ ပတ်သက်ပြီး TNLA ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နမ့်တောင်းရွာ ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ မြောက်ပိုင်း ညီနောင်အဖွဲ့ တပ်ပေါင်းစု၊ TNLA၊ MNDAA ကိုးကန့်တပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အဓိက သွားလာလှုပ်ရှားရာ နေရာဖြစ်ပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတတ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013