ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်ပင်လယ်ထဲမှာ လောင်စာဆီဖြန့်ဖြူးဖို့ သယ်ဆောင်လာစဉ် လီတာ ပေါင်း ၅၇ သန်း ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နေရာဒေသအသီးသီးရှိ စက်သုံးဆီကုမ္ပဏီပေါင်း ၆ နေရာကို ပို့ဆောင်ဖြန့်ဖြူးဖို့ ထိုင်းတောင်ပိုင်း ဂိုဒေါင်ကနေ သင်္ဘော အခေါက်ရေပေါင်း ၉၆ ခေါက်နဲ့ လီတာ သန်းပေါင်း ၂၁၇ သန်း သယ်ဆောင်ခဲ့တာမှာ ကုမ္ပဏီတွေဆီ လီတာပေါင်း ၁၆၀ သန်းဘဲ ရောက်ရှိလာတာကို စစ်ဆေးတွေ့ရှိတယ်။
အဲဒီ လောင်စာဆီတွေဟာ လမ်းခုလပ်မှာ လီတာပေါင်း ၅၇ သန်း ပျောက်ဆုံးနေတယ်လို့ ထိုင်း တရားရေးဝန်ကြီး ဒုရဲချုပ် ရုထဖွန်းနောဝရတ်က ဧပြီ ၃ ရက် အစိုးရအိမ်တော်ရှေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
လတ်တလော အခြေအနေမှာ လောင်စာဆီ မလောက်ငမှုပြဿနာတွေ ရှိနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တရားမဝင်လောင်စာဆီသိုလှောင်မှု၊ တရားမဝင်ရောင်းဝယ်မှုတွေ ကြပ်မတ်စစ်ဆေးရင်းနဲ့ တောင်ပိုင်းမှာလည်း ခုလို စက်သုံးဆီပျောက်ဆုံးမှုကို တွေ့ရှိတာလို့ ဆိုပါတယ်။
စက်သုံးဆီ ဘယ်နေရာကနေ ဘယ်လို ပျောက်ဆုံးသွားသလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ပင်လယ်ပြင်အရင်းအမြစ်စောင့်ရှောက်ရေး ရေကြောင်းတပ်ဖွဲ့နဲ့ အထူးမှုခင်းစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ DSI ကနေ ကွင်းဆက်တွေ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
DSI ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ယုတ်ထနာ ဖရဲဒမ်ကလည်း လောင်စာဆီပျောက်ဆုံးမှုမှာ ဥပဒေချိုးဖောက်မှု အမျိုးမျိုး ရှိတယ်၊ ပင်လယ်ပြင်မှာ ပျောက်ဆုံးမှု၊ တရားမဝင် တင်ပို့မှု စတာတွေကို အချိန်ပေးပြီး စုံစမ်းရမယ်၊ လောင်စာဆီ ပို့ဆောင်တာ ခါတိုင်း ၂ ရက်ပဲ ကြာမြင့်တာကို ၅ ရက်၊ ၆ ရက်လောက်ကြာမှ ရောက်လာတာဟာ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။
လောင်စာဆီ သိုလှောင်တာ၊ ဆိုင်းငံ့ဖြန့်ဖြူးရောင်းချတာတွေကို ဥပဒေက တားမြစ်ထားတယ်။ လောင်စာဆီ ပျောက်ဆုံးမှုဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍတွေပါ ထိခိုက်မှုရှိတာကြောင့် ထိရောက်စွာ နှိမ်နင်းရမယ်လို့ သတင်းစာရှင်းပွဲမှာ ထည့်သွင်း ပြောကြားပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ သက်ဆိုင်ရာ စက်သုံးဆီဂိုဒေါင်ပိုင်ရှင်နဲ့ စက်သုံးဆီကုမ္ပဏီ တာဝန်ရှိသူ တချို့ကို စတင်ခေါ်ယူစစ်ဆေးနေတယ်။
ပင်လယ်ပြင်က သင်္ဘောပေါ်မှာ စက်သုံးဆီတွေ အခြားဂါလန်ပုံးသို့ လဲလှယ်ထည့်သွန်နေတဲ့ ဗွီဒီယိုဖိုင်တွေလည်း ကမ္ဘောဒီးယားအလုပ်သမားလူမှုကွန်ရက်မှာ ပြန့်နေတယ်၊ ထိုင်းအလံပါ သင်္ဘောကို အသားပေးရိုက်ကူးထားပြီး ဆီပျောက်ဆုံးမှုနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိတော့ မသိဘူးလို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။
Source: MGROnline / ThaiPBS
Photo: Reuters










