
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ စာသင်ကျောင်းနားမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပြီး ဒေသခံအမျိုးသမီးတယောက် သေဆုံးကာ အမျိုးသား တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇူလိုင် ၁၁ရက် မနက်ပိုင်းမှာ မြို့ရဲ့အနောက်ပိုင်း ချင်းတောင်ပေါ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ရာ အသက် ၅၀ အရွယ် ဦးမြင့်ဝေရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ရင်ဘတ်ဒဏ်ရာရရှိတာကြောင့် ဆေးရုံတင်ထားရပြီး အစ်မဖြစ်သူ ဒေါ်ငွေရီကတော့ လည်ပင်းထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ တောင်ဖီလာရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။
"အိမ်ခေါင်မိုးပေါ်ကနေလက်နက်ကြီးကျတာ။ ကိုမြင့်ဝေနဲ့ မငွေရီက မောင်နှမတွေ၊ ကံဆိုးသွားတာ။ အိမ်ကလည်းအနည်းငယ်ပျက်စီးသွားတယ်။ ဘေးအိမ်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူး။"
လတ်တလော ကလေးမြို့တွင်း စစ်ဌာနချုပ်တွေကနေ မြို့ပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပါတယ်။
ကလေးမြို့နယ်မှာ ဇွန်လအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့ပေါ်တာဟန်း ရပ်ကွက်အပါအဝင် သာစည်ရွာ၊ စံသာရွာ၊ ထိုမာရွာ၊ နဂါးပွတ်ရွာနဲ့ လက်ပံချောင်းရွာတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။










