
မွန်ပြည်နယ်၊ သထုံမြို့၊ မြေနီကုန်းကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးဘေးမှာ လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့လို့ ဘေးတွဲဆိုင်ကယ်နဲ့ အမျိုးသားကြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ မနက်က မြေနီကုန်းဘုန်းကြီးကျောင်းအနီး လမ်းဘေးမှ လက်လုပ်မိုင်းလို့ ယူဆရတဲ့ မိုင်းတလုံးပေါက်ကွဲခဲ့တာကြောင့် အဲဒီအနီးမှာ ဘေးတွဲဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာတဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။
မြို့ခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဦးလေး အခုဖြစ်တဲ့နေရာ ဖြတ်သွားတဲ့အချိန် တည့်တည့်ကျမှ ပေါက်တာ၊ လမ်းဘေးမြက်ပင်တွေနားမှာ ချထားခဲ့တာ။ သွေးထွက်တာကတော့ များတယ်၊ လူကြီးပိုင်းဆိုတော့ စိုးရိမ်ရတာပေါ့၊ မိသားစုနဲ့အဆက်အသွယ်ရပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘေးတွဲဆိုင်ကယ်နဲ့ သစ်ပင်စိုက်ပျိုးဖို့ ခြံထဲအသွားမှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် မိုင်းစတွေ ကျောရိုးနဲ့ ဘယ်ဘက်ပေါင်တို့ကို ထိမှန်ခဲ့လို့ သွေးထွက်များပြီး သထုံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသနေရတယ်လို့ သိရပါတယ်။
မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ နောင်ကုလားကျေးရွာမှာနေထိုင်သူ ဦးအောင်မြင့်ကြည်ကို မြို့ခံ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ အရေးပေါ်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး သထုံဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။