DVB Logo
Home
မြန်မာသတင်း
ပြည်သူသွေးချွေးဖြင့်ရင်းထားသည့် တော်လှန်ရေးဖြစ်၍ အလွန်တာဝန်ကြီးကြောင်း NUG ယာယီ သမ္မတ ပြော
DVB
·
July 12, 2023
ပြည်သူသွေးချွေးဖြင့်ရင်းထားသည့် တော်လှန်ရေးဖြစ်၍ အလွန်တာဝန်ကြီးကြောင်း NUG ယာယီ သမ္မတ ပြော
Donate to DVB

ပြည်သူလူထုဟာ အသက်သွေးချွေးနဲ့ ရင်းနှီးထားတဲ့ တော်လှန်ရေးမှာ ပါဝင်နေတာကြောင့် NUG ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ အလွန်တာဝန်ကြီးတယ်ဆိုတာ မမေ့ဖို့ ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ကလည်း လက်ရှိအချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ အလှူငွေတချို့ကိုပဲ ရရှိနေပြီး ဒီနေ့အချိန်ထိ ရုန်းကန်လာကြသမျှဟာ ပြည်သူ့ဘဏ္ဍာငွေတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “လက်နက်ကိုင် ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေအားဖြင့် ငွေလုံး ငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာလည်း အမြောက်အမြား ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကျ‌‌နော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များရဲ့ ရိက္ခာ၊ ဆေးဝါး…. စတဲ့ အသုံးစရိတ်တွေကို အဓိကထားပြီး ဖြည့်တင်းနေရပါတယ်။ ဒါကို ကျ‌နော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး သိနားလည်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ဟာ ရရှိလာတဲ့ ရန်ပုံငွေ ဘတ်ဂျက်တွေကို ထိထိရောက်ရောက် မျှဝေသုံးစွဲနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် မရှိမဖြစ် သုံးစွဲရမယ့် ကဏ္ဍတွေကို ဦးစားပေး သုံးစွဲဖို့ လိုပါတယ်။ ဒါ့အပြင် ကျနော်တို့ သတိချပ်ဖို့က ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ အသက်သွေးချွေးနဲ့ ရင်းနှီးထားတဲ့ တော်လှန်ရေးမှာ ပါဝင်နေတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ လုပ်ပုံကိုင်ပုံ တွေဟာ အလွန်တာဝန်ကြီးတယ် ဆိုတာ မမေ့ဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

အထွေထွေ စီးပွားရေး ချွတ်ခြုံကျတာနဲ့ ငွေကြေးဖောင်းပွမှုဒဏ်တွေကို ပြည်သူလူထုက အလူးအလဲ ခံစားနေရချိန်မှာ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတာဖြစ်ပြီး နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝ မရကြောင်းနဲ့ ဘဏ္ဍာငွေကိုလည်း စုစုစည်းစည်းနဲ့ စုဆောင်းရရှိဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

"ဘဏ္ဍာငွေ စီးဆင်းရေးလမ်းကြောင်းတွေ အပြန့်ကျယ်တာနဲ့အမျှ ခုခံတော်လှန်စစ်အတွင်းမှာ COC (အမိန့်ပေးစနစ်) တည်ဆောက်မှုအပေါ်မှာ အားနည်းချက်တွေ ဖြစ်လာနိုင်တာ ရှိပါတယ်။ ဒါ့ကြောင့် ဗဟိုကနေ အမိန့်ပေး ကွပ်ကဲမှုမှာ ပိုမိုစုစည်းခိုင်မာမှုရှိအောင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုက သွယ်ဝိုက်ပြီး အကျိုးပြုဖို့ လိုပါတယ်။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုတွေ ဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရပါလိမ့်မယ်" လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်သူတရပ်လုံးဟာ မိမိတို့ ဘဝရပ်တည်နိုင်ရေး အရေးကိစ္စတွေကို မဖြစ်မနေ စဉ်းစားလာကြရတဲ့ကြားက အခုအချိန်ထိ နွေဦးတော်လှန်ရေးကြီးအပေါ် ကြံ့ကြံ့ခိုင်ပြီး သစ္စာမပျက်ဘဲ တစိုက်မတ်မတ် ရရာကဏ္ဍကနေ ပါဝင်ပေးနေကြသူအားလုံးကိုလည်း အထူးလေးစားဂုဏ်ယူတယ်လို့ ပြောပါတယ်။

“အားလုံးသိကြတဲ့အတိုင်း ယနေ့အချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းတချို့ရဲ့ အလှူငွေတချို့သာရရှိနေပြီး တော်လှန်ရေးအတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေ မရရှိသေးတာကြောင့် ယနေ့အချိန်ထိ ရုန်းကန်လာကြသမျှဟာ ပြည်သူ့ဘဏ္ဍာငွေတွေသာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကျပ်တည်းနေကြပါစေ တော်လှန်ရေးအတွက် ကြိုးစားပံ့ပိုးနေကြတဲ့ ပြည်သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။"

NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကို ခါးစီးခံနေရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့နိုင်မှုအပိုင်းနဲ့ တော်လှန်ရေးအခြေအနေ အထက် တဆင့်ကို လှမ်းနေပြီဖြစ်တဲ့ ဒေသတွေဘက်မှာ ဝန်ဆောင်မှု ကဏ္ဍတွေ ပြုလုပ်နိုင်ဖို့ စတဲ့ ဘက်ပေါင်းစုံအတွက် ဘဏ္ဍာငွေ လိုအပ်ချက်က ရှိနေလို့ ဝင်ငွေရလမ်းတွေကိုလည်း အထူးဝိုင်းဝန်း အားဖြည့်ဆောင်ရွက်ပေးကြဖို့နဲ့ သုံးစရိတ်တွေကိုလည်း ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးတွေ ထားပြီး စီမံဆောင်ရွက်ကြဖို့ လိုမယ်လို့ ပြောပါတယ်။

ဒါကြောင့် ဝန်ကြီးဌာနတွေအတွင်း လူသားအရင်းအမြစ် နေရာချထားမှုတွေ၊ ဘဏ္ဍာငွေ အရင်းအမြစ်စီမံခန့်ခွဲမှုတွေကို စနစ်တကျ ဖြစ်အောင် စီမံဆောင်ရွက်သွားကြဖို့လည်း သူက တိုက်တွန်းပါတယ်။

ဒါ့အပြင် တော်လှန်ရေး အရှိန်တက်လာလေလေ အောင်ပွဲကို မြင်ရလေလေ၊ ပြဿနာတွေကို ဖန်တီးချင်သူတွေဆိုတာ ရှိတတ်တာကြောင့် ကဏ္ဍတိုင်းအတွက် သတိထားကြဖို့လည်း ပြောပါတယ်။

အစည်းအဝေးမှာ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက One Year Plan ပါ အချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အရေးပေါ်ဘတ်ဂျက် တောင်းခံခဲ့သလို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနကလည်း လုပ်ငန်းဆောင်ရွက်မှု‌တွေအတွက် လစဉ်ကုန်ကျစရိတ်အား အစိုးရဘဏ္ဍာငွေက‌နေ ထုတ်ယူခွင့်‌ တောင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013