
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က ဇူလိုင် ၈ ရက်ကစတင်ကာ ကင်းပုန်းတွေ နေရာအနှံ့ချထားသလို မြို့တွင်းနဲ့မြို့ပြင်တဝိုက်က ကျောက်မျက်လုပ်ကွက်တွေကိုပါ ပိတ်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ နေရာအနှံ့မှာ ကင်းပုန်းဝပ် လုံခြုံရေးယူနေတဲ့အပြင် မြို့ပြင်ကျေးရွာတွေမှာ တပ်စွဲပြီး စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကင်းရွာမှာဆိုရင်လည်း အလုပ်တွေအကုန်ရပ်ခိုင်းတယ်၊ ဘာမှမမြင်ချင်ဘူးလို့ ပြောတယ်။ ရွာမှာလည်း စစ်သားတွေ တပ်လာစွဲတယ်၊ လက်နက်ကြီးတွေလည်း ချိန်ထားကြတယ်။"
ကျောက်မျက်လုပ်ကိုင်သူတဦးက "တဲတွေလည်း အကုန်ဖျက်၊ ဘာမှမမြင်ချင်ဘူး၊ စစ်ကြောင်း ဒီရက်ထဲလာမယ်ပြောပြီး အကုန်ဖျက်ရတာပဲ။ ခုဘယ်သူမှ တွင်းမလုပ်ကြရဘူး၊ ဘာတွေဖြစ်မယ်ဆိုတာကို မသိရဘူး" လို့ ပြောပါတယ်။
မိုးကုတ်မြို့တွင်း မင်းတံတားရပ်ကွက်က မဟာအောင်မြေကျောင်းကို စစ်ကောင်စီတပ်က မင်းအောင်လှိုင်လာပြီး အောင်မြေနင်းမှာကြောင့် အခုလို လုံခြုံရေးတွေ တင်းကျပ်နေတာလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
မင်းတံတား ရပ်ကွက်က အောင်မြေကျောင်းပေါ်မှာ ရဟတ်ကွင်းကိုလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေပြောနေကြပေမယ့် စစ်ကောင်စီတပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ်မလာဘူးဆိုတာ ဒီဗွီဘီ အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိုးကုတ်မြို့ ဗမွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၅ ရက်နေ့မှာ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ အုံဒန်ကျေးရွာက စစ်သားတွေကိုလည်း ဇွန် ၂၀ ရက်နေ့က မိုးကုတ်အခြေပြုတပ်ရင်းတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အယောက် ၃၀ ထပ်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။










