DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် ရခိုင်တွင် မသန့်ရှင်းသည့်ရေကြောင့် အရေပြားနှင့်ဝမ်းရောဂါဖြစ်ပွားနေ  
DVB
·
July 11, 2023
မုန်တိုင်းသင့် ရခိုင်တွင် မသန့်ရှင်းသည့်ရေကြောင့် အရေပြားနှင့်ဝမ်းရောဂါဖြစ်ပွားနေ  
Donate to DVB

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရေတွင်းရေကန်တွေအားလုံးနီးပါး ပျက်စီးခဲ့ရတာကြောင့် မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေကြရကာ ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေခံစားနေရတယ်လို့ မုန်တိုင်းအလွန် လေ့လာဆန်းစစ်ချက်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့တာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဒေသခံမီဒီယာ တခုဖြစ်တဲ့ Development Media Group (DMG) က အများဆုံးထိခိုက်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်တဲ့ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ ထိခိုက်မှုတွေကို လေ့လာဆန်းစစ်ခဲ့ပြီး အစီရင်ခံစာတခု ထုတ်ပြန်လိုက်တာပါ။

ဒီမြို့နယ်တွေမှာ သောက်သုံးရေအတွက် ရေတွင်း ရေကန်တွေကို အသုံးပြုကြပြီး မုန်တိုင်းကြောင့် ဆားငန်ရေနဲ့ အမှိုက်တွေဝင်သွားပြီး အဲဒီရေတွေကိုပဲ သုံးစွဲနေရ တာကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ခံစားလာရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်ကို အများဆုံးခံခဲ့ရတဲ့  ရသေ့တောင်မြို့နယ်မှာ ရပ်ကွက် ၄ ခုနဲ့ ရွာ ၄ ရွာကို ဆက်သွယ်မေးမြန်းထားပြီး ပြိန်းတောရွာကလွဲလို့ တခြားရပ်ကွက်နဲ့ ကျေးရွာတွေအားလုံးမှာ ရေတွင်း ရေကန်တွေ ပျက်စီးခဲ့ကာ ညောင်ပင်လယ်နဲ့ ဒုံးပိုက်ရွာမှာတော့ ရေတွင်းရေကန်အားလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတခုနဲ့ ကျေးရွာ ၄ ခုကို မေးမြန်းထားတဲ့ ပေါက်တောမြို့နယ်မှာ‌တော့ အဝီစိတွင်းကိုသုံးတာတွေလည်းရှိပေမယ့် ဆားငန်ရေဝင်တာကြောင့် နေရာအားလုံးမှာ ရေတွင်းရေကန်တွေ မသန့်ရှင်းကြဘူးလို့ ဆိုပါတယ်။

ဒါကြောင့်နေရာအားလုံးလိုလိုမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါဖြစ်နေကြပြီး ကြိမ်ခွေမော်ရွာနဲ့ ငှက်ချောင်းဒုက္ခသည်စခန်း ၂ မှာ လူပေါင်းအယောက် ၁၀၀ ကျော် ရောဂါဖြစ်နေကြပြီး မေးမြန်းထားတဲ့ ၅ နေရာမှာတော့ လူပေါင်း ၃၀၀ ကျော်တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက လေ့လာမေးမြန်းခဲ့တဲ့ ရွာတွေမှာလည်း လူပေါင်း ၂၀၀ လောက် ရောဂါဖြစ်နေကြရပြီး ကျေးရွာအများစုမှာ ဆေးပေးခန်းတွေ မရှိတာကြောင့် နီးစပ်ရာ ဆေးပေးခန်းတွေကိုသွားကြရသလို တချို့ကလည်း စစ်တွေမြို့ကို သွားရောက်ကုသကြပြီး အများစုကတော့ ဆေးမြီးတိုနဲ့ ကုသနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရတာ အများဆုံးဖြစ်တဲ့ ဒုံးပိုက်ရွာမှာ လူ ၁၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရခဲ့ပါတယ်။ အိမ်ခြေပျက်စီးသွားတာက နေရာတိုင်းလိုလိုဖြစ်ပြီး မေးမြန်းခဲ့တဲ့ ၅ နေရာမှာ အိမ်ခြေအဆောက်အအုံ ၃၀၀၀ လောက်ပျက်စီးသွားပြီး ဒီထဲက အိမ်ခြေ ၂၃၀၀ ကျော်ဟာ လူနေထိုင်လို့မရအောင်ပျက်စီးသွားတာလို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်ထဲက နေရာ ၅ ခုမှာလည်း အိမ်နဲ့အဆောက်အအုံ ၂၀၀၀ ကျော် ပျက်စီးခဲ့ပြီး ၁၉၀၀ ကျော်ဟာ လူနေထိုင်လို့မရအောင် ပျက်စီးသွားတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မေးမြန်းထားတဲ့ ၅ နေရာမှာ အိမ်ခြေ ၇၅၀ လောက်ရှိပြီး ဒီထဲက အိမ်ပေါင်း ၆၃၀ ကျော်ဟာ လူနေထိုင်လို့မရအောင် ပျက်စီးခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေဟာ အမှိုက်နဲ့ ဆားငန်ရေ ဝင်သွားတဲ့ ရေတွင်းရေကန်တွေကို ပြန်ပြီး သန့်ရှင်းချင်ကြပေမယ့် ငွေကြေးနဲ့စက်ပစ္စည်းမရှိတာကြောင့် မလုပ်နိုင်ကြဘဲ မိုးရေနဲ့ ဆားငန်ရေ ဝင်ထားတဲ့ရေတွေကိုပဲ သုံးစွဲနေကြရတယ်လို့ ဆိုပါတယ်။

မေးမြန်းထားတဲ့ မြို့နယ်တွေမှာ အကူအညီတွေဟာ မြို့ပေါ်နဲ့ နီးစပ်ရာ ရွာတချို့ကိုပဲ ရောက်နေတာဖြစ်လို့ မုန်တိုင်းကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ အိမ်ထောင်စုအားလုံးကို လွှမ်းခြုံနိုင်တဲ့ အကူအညီတွေ လိုအပ်နေသေးတယ်လို့ စစ်တမ်းက သုံးသပ်ထားပါတယ်။

မေလ ၁၄ ရက်က တိုက်ခတ်သွားခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံး၊  ၁၃၂ ဦး ဒဏ်ရာရပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လူနေအိမ်  ၂၇၁၃၃၅ လုံး၊  စာသင်ကျောင်း  ၁၆၂၇ လုံး၊ ဘာသာရေး အဆောက်အဦ  ၃၅၄၀ လုံး၊ ဆေးရုံ/ဆေးခန်း ၅၀၉ ခုပျက်စီးသွားပြီး တိရစ္ဆာန် ၁၇၇၉၂၃ ကောင် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013