DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် စစ်ကောင်စီနှင့် KIA တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
July 11, 2023
ကွတ်ခိုင်တွင် စစ်ကောင်စီနှင့် KIA တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA တို့ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက် ဆက်တိုက်ပွဲဖြစ်ပွားပြီး နမ့်ဖတ်ကာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တာကြောင့် နားဖိုင်ရွာက နေအိမ် ၁ လုံးပေါ် ကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"ကွတ်ခိုင်ကနေ ပစ်လိုက်တာ ဟိုအမှိုက်ပုံနားမှာလည်း ခြေထောက်မှာ ၁ ယောက်ထိသွားတယ်။ ကွတ်ခိုင် စစ်တပ်ကနေ ပစ်ထုတ်လိုက်တာ၊ လက်နက်ကြီး ရမ်းပစ်တာ" လို့ ဒေသခံအမျိုးသားတဦး က ပြောပါတယ်။ 

ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်အထွက် နောင်ဆွေရွာအနီး မန်ဘန်ရွာလမ်းဆုံ အမှိုက်ပုံကုန်းမှာ ဇူလိုင် ၁၀ ရက်နေ့လယ် ၁၂ နာရီကျော်လောက်မှာ သိန္နီဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ ၂၄၁၊ ၂၄၂ ပူးပေါင်း အင်အား ၁၀၀ လောက်နဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၃၉ တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။၊ 

လတ်တလော စစ်ကောင်စီတပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေကြပြီး ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ ဘက်တွေကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်နေတာလို့ ဒေသခံက ပြောပါတယ်။

"မနေ့ကလည်း တိုက်ပွဲ ဖြစ်တယ်ပြောတယ်၊ အရမ်းကြီး ပြင်းပြင်းထန်ထန် အသံတော့ မကြားဘူး။ ဖြတ်တိုက်တာလောက် ဖြစ်မယ်။" 

ဇူလိုင် ၉ ရက် ည ၆ နာရီခွဲကျော်လောက်ကလည်း တိုက်ပွဲမဖြစ်ဘဲ နမ့်ဖတ်ကာ အခြေစိုက် ခလရ ၁၂၃ တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နားဖိုင်ရွာက ဦးကတုန့်ဘရန်အောင်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး သမီးဖြစ်သူ ၁၉ နှစ်အရွယ် မဘောက်ဆန် နဲ့ ၉ နှစ်အရွယ် မဆိုင်ဒင်တို့ ညီအစ်မ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဟုတ်တယ်။ မနေ့ည  ၆ နာရီခွဲကျော် ဝန်းကျင်လောက်က နမ့်ဖတ်ကာဘက်က လက်နက်ကြီး ပစ်လိုက်တာ နားဖိုင်ရွာက ညီအစ်မ နှစ်ယောက်ကို ထိသွားတယ်၊ လက်နက်ကြီးစ ထိမှန်တာ။ ညီမကိုလည်းထိ၊ အမကိုလည်းထိ၊ အခု ဆေးခန်းရောက်နေတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။၊ 

နားဖိုင်ရွာ စာသင်ကျောင်းအနီးက နေအိမ် ၁ လုံးလည်း ကျည်ထိမှန် ပျက်စီးတာရှိပြီး ရွာထဲမှာရော ရွာပြင်မှာရော လက်နက်ကြီးတွေ ၃ လုံးလောက် ကျကွဲတယ်လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

"ဟုတ်။ ပစ်တော့ ပစ်သွားတယ်။ မနေ့ညက ၇ နာရီ ၈ နာရီလောက် ၃ ခေါက်လောက်။ ဒီကနေတော့ လှမ်းပစ်တယ် ၃ ခေါက်ပဲ။" 

နမ့်ဖတ်ကာ စစ်ကောင်စီတပ်ကနေ တခါတလေ လမ်းကြောင်းရှင်းတဲ့အနေနဲ့ လက်နက်ကြီးတွေ  ခဏခဏ ပစ်လေ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဇူလိုင် ၉ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်ကလည်း ကွတ်ခိုင်မြို့အနီး လွယ်ဆမ်ဆစ်တောင်ခြေ နမ့်ပါချီးရွာ နဲ့ ၃၈ မိုင် မန်ပြိန်းရွာကြား၊ ပြည်ထောင်စုလမ်းမပေါ်ရှိ တာဝါတိုင်အောက်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ချောင်းမြောင်း ပစ်ခတ်ခဲ့လို့ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း ဒေသခံဆွေက ပြောပါတယ်။၊ 

ဒါ့အပြင် ဇူလိုင် ၉ ရက်နေ့ ညနေ ၆ နာရီလောက်ကလည်း လားရှိုးဘက်ကနေ ကွတ်ခိုင်ဘက် ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီ ကား ၁၃ စီးလောက်ပါ ယာဉ်တန်းကို ၃၈ မိုင် မန်ပြိန်း အထက်၊ ပြည်ထောင်စု လမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း လားရှိုးဘက်က တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ ရောက်လာတဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၄ တို့အကြား ကွတ်ခိုင်မြို့ပြင် နမ့်ပါချီးရွာအနီး ပါဂျိုရွာနဲ့ မန်ပြိန်းရွာကြားမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ 

ကွတ်ခိုင်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့၊ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု၊ MNDAA ကိုးကန့်တပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ သွားလာလှုပ်ရှားတဲ့ နေရာဒေသ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013