DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၇၇၀ ထိရှိလာ
DVB
·
July 11, 2023
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၇၇၀ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၇၇၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၇၈၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၁၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၇၀၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၇၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ချင်း ပြည်နယ်မှာ အယောက် ၁၁၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မနက် ၁၁ နာရီဝန်းကျင်လောက်ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော် ကျေးရွာအုပ်စု၊ ဝုမ်းခုန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ နို့တိုက်မိခင် အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက် ပြင်းထန်စွာ ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာ အရပ်ဒေသတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းက ပိုမိုပစ်ခတ်တိုက်ခိုက်လာတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း အေအေပီပီက ပြောပါတယ်။ 

ဇူလိုင် ၄ ရက်မနက် ၂ နာရီလောက်ကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်တွေ စာသင်ကြားနေတဲ့ စာသင်ဆောင်နဲ့ တဲအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေနေထိုင်ရာ ဒေသတွေကို စစ်ကြောင်းထိုးပြီးတော့ မီးရှို့ဖျက်ဆီးမှုတွေ ပိုမိုလုပ်ဆောင်နေပြီး ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာလည်း အကြမ်းဖက်စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇူလိုင် ၄ ရက်မှာ ဘိုကုန်းကျေးရွာနဲ့ ချောင်းဝကျေးရွာ၊ ၅ ရက်မှာ သပြေလှကျေးရွာတွေကို စစ်ကြောင်းထိုးကာ မီး ရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013