DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်း ထိမှန်၊ မင်းကင်း ရွာများကို စစ်တပ်က လုယက် ဖျက်ဆီး
DVB
·
July 10, 2023
ရေဦးတွင် လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်း ထိမှန်၊ မင်းကင်း ရွာများကို စစ်တပ်က လုယက် ဖျက်ဆီး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၀ ရက် မနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားတွေ စာသင်နေတဲ့ကျောင်းကို ဗုံးထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ရေမျက်ကျေးရွာတဝိုက်ကို ပေါင် ၅၀၀ ဗုံးသီးတွေ ကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောပါတယ်။

“ကျောင်းကတော့ အစိုးရကျောင်းပေါ့နော်၊ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ဘက်က သင်ကြားဖွင့်လှစ်ပေးထားတဲ့ ကျောင်းပါ။ ကလေးသူငယ်တွေ စာသင်ကြားနေကြပါတယ်။”

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး ဗုံးကြဲတာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သလို ဒေသခံရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မေ ၉ ရက်ကလည်း ထန်းတောရွာကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်း ထိမှန်ခဲ့ပြီး အုတ်တံတိုင်းတွေ ပျက်စီးခဲ့သလို အခု ရေမျက်ကျေးရွာကို တိုက်ခိုက်တာက ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုထူးခန့်ဇော်က “အရင်ကဆို မုံရွာ နမခကနေ Mi35 လောက်ပဲသုံးတာ။ ခု ဒီနှစ်ထဲမှာမှ ဖိုက်တာတွေနဲ့ ဗုံးကြဲတာ။ ထန်းတောရွာကြဲတုန်းက ကလေးတွေ ကျောင်းဆင်းချိန်မို့ လူထိခိုက်မှု မရှိခဲ့တာ” လို့ ပြောပါတယ်။

ရေမျက်ကျေးရွာမှာ နေအိမ် ၂၅၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က Mi35 အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာတော့ ဇူလိုင် ၉ ရက် မနက် ၈ နာရီ မိနစ် ၄၀ လောက်က  မအူပျူရွာကနေလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ခန့်မှန်းအင်အား ၄၀ ကျော်ဟာ အင်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ကျူးကျော် စစ်ကြောင်းထိုးလာလို့  မင်းကင်း PDF တပ်တွေနဲ့  နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ 

မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ် MKPDF -  (၂) မှ တပ်ရေးဗိုလ်ကြီးက " ၈ ရက်နေ့က နမခ ကနေ Mi17 နဲ့ ခဲယမ်းတွေ လာချတယ်ဗျ၊ ၉ ရက်နေ့မှာ သူတို့နဲ့ပျူနဲ့ ပေါင်းထိုင်ထားတဲ့ မအူပျူရွာကို စစ်ကြောင်းနဲ့ ခဲယမ်းတွေ လာပို့ပေးတာ၊ အဲဒီအချိန်မှာ ထိတွေ့မှု စဖြစ်တာပါဗျ။ ပိက္ခယားရွာမှာ မအူပျူရွာက စခ / ပျူတွေနဲ့ ပေါင်းဆုံပြီး စစ်ကြောင်း နှစ်ကြောင်းပေါင်း ခန့်မှန်း ၁၅၀ အထက် ရှိနိုင်တယ်ဗျ။ စခတွေဘက်ကတော့ အထိခိုက်ရှိနိုင်မယ်ဗျ၊သူတို့ဘက်က လက်နက်ကြီး ပစ်အား အရမ်းများလို့ သေချာ မသိရသေးဘူးဗျ" လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေစဥ်တွင် ကြာပင် ရခ စခန်းမှ စခ/ပျူ အင်အား ၁၀၀ ကျော်ခန့် (ခန့်မှန်း) ဟာ ပိက္ခယားရွာသို့ လက်နက်ကြီးတွေနဲ့  ပစ်ခတ်ကာ စစ်ကြောင်းထိုးလာခဲ့ကြပြီးလက်နက်အင်အား မမျှလို့ MKPDF အနေနဲ့ နောက်ဆုတ် ပေးလိုက်ရပါတယ်လို့ ဆိုပါတယ်။

ဒီနောက် ပိက္ခယားရွာဘုန်းကြီးကျောင်းထဲရှိ ကြာပင်ရခစခန်းမှ သယ်လာတဲ့ လက်နက် ခဲယမ်းပုံးတွေကို  မအူပျူရွာမှ လာရောက် သယ်ဆောင်သွားပြီး ပိက္ခယားရွာရှိ ပြည်သူတွေရဲ့ နေအိမ်အားလုံးနီးပါးကို ဝင်ရောက် ရှာဖွေပြီး ခိုးယူသွားတယ်လို့ သိရပါတယ်။

MKPDF -  (၂) မှ တပ်ရေးဗိုလ်ကြီးက "ကျနော်တို့နဲ့ ထိတွေ့မှု ဖြစ်တဲ့ အဖွဲ့ပဲ ရွာထဲ ဝင်မွှေပြီး ပစ္စည်းတွေ ယူသွားကြတယ်။ အင်းရွာကိုပဲ အဓိကထားယူသွားတာ၊ ပိက္ခယားရွာကိုတော့ ရိုက်ဖျက်စီး သွားတာဗျ၊ ပိက္ခယားရွာက နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးတယ်" လို့ ပြောပါတယ်။

အင်းရွာမှ ပြည်သူပိုင် ဖုန်း ၅ လုံး ခိုးယူသွားသလို ဆိုင်ကယ် တစီး၊ ဆိုလာ တ ချပ်၊ ရေစက် တလုံး တို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် နွားတစ်ကောင်၊ ကျွဲတစ်ကောင်၊ ဝက်တစ်ကောင်တို့ကိုလည်း ပစ်သတ်ထားခဲ့ကြပြီး ရွှေဆွဲကြိုး တကုံး၊ လက်စွပ် တကွင်း၊ နားကပ်  တစုံနဲ့ ငွေကျပ် တစ်သိန်း တို့ကိုပါ ခိုးယူသွားခဲ့ကြတယ်လို့ MKPDF က ပြောပါတယ်။

လက်ရှိအချိန် ဒေသထဲမှာ စစ်ရေး အခြေနေ ရှုပ်ထွေးနေလို့ ပြည်သူတွေဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြဖို့နဲ့  ခရီးသွားလာတာတွေ မလုပ်ကြဖို့  MKPDF က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013