Home
မြန်မာသတင်း
လိုင်ဇာအနီး စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ တနိုင်းမြို့နယ်တွင် ရွာသား  ၅ ဦး ဖမ်းဆီးခံရ
DVB
·
July 10, 2023

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ကချင်လွတ်မြောက်ရေးအဖွဲ့  KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ခတ်နေပါတယ်။ 

ဇူလိုင် ၉ ရက် မွန်းတည့် ၁ နာရီလောက်မှာ နှစ်ဖက် တပ်ဖွဲ့ကြားဆက်ဆံရေး တင်းမာနေတဲ့ လိုင်ဇာမြို့အနီးတဝိုက်ကို စစ်တပ်က လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပါတယ်။

ဒေသခံစျေးသည်တဦးက “မိုးရွာနေတဲ့အချိန် ပစ်ခဲ့တာ။ လက်နက်ကြီး သုံးကြိမ်ကျတာ ဟုတ်တယ်။ ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေတာနဲ့ စားသောက်ကုန်တွေလည်း ရှားလာပြီ”လို့  ပြောပါတယ်။

ဇူလိုင် ၈ ရက်  ည  ၉ နာရီလောက်ကလည်း လိုင်ဇာမြို့နဲ့ ၆ မိုင်ခန့်အကွာဝေးရှိတဲ့ နမ်ဆန်ယန်ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “လေကြောင်း ရန်ရှိတယ်ဆိုလို့ ညပိုင်းတွေ အဓိက သတိထားနေရတာ။ မနေ့ညကတော့ လေကြောင်းက ဗုံးကြဲသွားတယ်လို့ ပြောတယ်။ အသံတော်တော် ကျယ်တာ” လို့ ပြောပါတယ်။

လက်ရှိအခြေနေကတော့ နှစ်ဖက်တပ်ဖွဲ့ကြား ဆက်ဆံရေးတင်းမာနေပြီး နေ့စဥ်ဆိုသလို စစ်ရေး ထိတွေ့ နေတဲ့ ဒေသဖြစ်နေပြီး ဒေသတွင်း ကုန်စည်ဖောက်ကားမှုနဲ့ စီးပွားရေးအပေါ် သက်ရောက်မှု တွေရှိနေပါတယ်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ရွာမှာလည်း သားအမိ ၂ ဦးအပါအဝင် ရွာသား ၅ ဦးကို  စစ်တပ်က ဇူလိုင် ၉ ရက် မနက်အစောပိုင်းမှာ ဖမ်း‌ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အမေဖြစ်သူ Lazing Bawk နဲ့ သား Peter Mongnoi အပါအဝင် ရွာသား ၅ ဦးဖြစ်ပြီး ရွာတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ခေါ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

“သူတို့စခန်းကို သားအမိရော၊ နောက်ထပ် ရွာခံ ၃ ဦးကိုလည်း ဖမ်းခေါ်သွားတာတွေ့လိုက်တယ်။ စစ်ပွဲဖြစ်ထားတော့ သတင်းပေးအထင်နဲ့ ဖမ်းခေါ်တာလို့လည်း ကြားရတယ်။ ရွာခံတွေက မနေ့က တိုက်ပွဲအရှိန်ကြောင့် ကြောက်လို့ ဘယ်သူမှ အိမ်အပြင်ကိုမထွက်ဘူး။ စစ်ကောင်စီရဲ့ စစ်သားတွေ က အိမ်ထိ ကုတ်နေတာ။”

ဖမ်းဆီးခံရတဲ့ သားအမိနဲ့ နီးစပ်သူတဦးက “ဒီမနက်အစောကြီးပဲ သားအမိကို စစ်ကောင်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး။ ဒီရက်ပိုင်း ရွာမှာလည်း ကေအိုင်အေနဲ့ စစ်ပွဲဖြစ်ထားတော့ သားအမိအတွက် စိတ်ပူမိတယ်” လို့ ပြောပါတယ်။

တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာမှာ ဇူလိုင် ၈ ရက် မနက်က ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၀ါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူရဲ့အစ်ကို သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကေအိုင်အေဘက်က အလစ်တိုက်တဲ့အတွက် စစ်တပ်က ရှဒူးဇွပ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံတွေ ထိခိုက်သေဆုံးတောတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ ဇူလိုင်လအတွင်း စစ်တပ်နဲ့ ကေအိုင်အေကြား စစ်ရေးတင်းမာနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024