

ဂွါတီမာလာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက အာဏာပိုင်တွေကို ရွေးကောက်ပွဲအပေါ် လေးစားမှုရှိဖို့နဲ့ ရလဒ်ထုတ်ပြန်ပေးဖို့ ဇူလိုင် ၈ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
ဇွန် ၂၅ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန္ဒပြသူ ၃၀၀ နီးပါးက ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဆုံးခုံရုံးအဖွဲ့ရဲ့ ဌာနချုပ်ရှိရာဆီ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ရွေးကောက်ရလဒ်အပေါ် ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးတွေက အတည်ပြုပေးဖို့အတွက် တောင်းဆိုခဲ့ကြပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကတော့ ပြီးခဲ့တဲ့အပတ်မှာ ဒါကိုဆိုင်းငံ့ထားခဲ့ပါတယ်။
ပဏာမရလဒ်တွေအရ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်လောင်းဖြစ်သူ ဘာနန်ဒို အာရီဗယ်လို (Bernando Arevalo) ဟာ ဆန္ဒမဲစုစုပေါင်းရဲ့ ၁၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် အရွေးချယ်ခံရဖို့အတွက် လုံလောက်မှု ရှိခဲ့ပါတယ်။
သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ် (Sandra Torres) ကတော့ စုစုပေါင်း မဲအရေ အတွက်ရဲ့ ၁၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အတူ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
တောရက်စ် ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးမျှော်လင့်ချက် (UNE)ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၉ ခုဟာ ဆန္ဒမဲတွေအပေါ် ကြိုးကိုင်ချယ်လှယ်တယ်လို့ စွပ်စွဲကာ ပထမအကျော့ရလဒ်ကို စောဒကတက်ခဲ့ကြပါတယ်။
ဒါကြောင့် ဂွါတီမာလာနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးချုပ်က အငြင်းပွားဖွယ်ရာ လျှို့ဝှက်မဲပေးစနစ် အပေါ် ပြန်လည်သုံးသပ်ဖို့အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။
Source-Reuters