စစ်ရေးအခြေနေတင်းမာနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နားကို ဇူလိုင် ၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ မနက်အစောပိုင်းက ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို ပစ်ခတ်ခဲ့တာပါ။
ဒေသခံအမျိုးသားတယောက်က “လက်နက်ကြီးကျတာ ဟုတ်တယ်။ အသံအကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်။ မနက်ကလည်း တိုက်ပွဲဖြစ်တယ် ကြားတယ်။ လမ်းတွေပိတ်ထားတာလည်း တပတ်လောက်ရှိပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဇူလိုင် ၃ ရက်နေ့ကစလို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနားကနေ ဗန်းမော်ကိုခရီးသွားနေတဲ့ အရပ်သားကားသမားတယောက် လက်နက်ငယ်ထိမှန်ပြီး လိုင်ဇာပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ရပါတယ်။
ဇူလိုင် ၇ ရက်နေ့ကလည်း ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တပ်ရင်း ၁၉ တို့ ဒေါ့ဖုန်းယန်ကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ဒေသခံအမျိုးသမီးတယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေးအခြေနေတင်းမာနေတဲ့အတွက် မြစ်ကြီးနား-ဗန်းမော် ပြေးဆွဲနေတဲ့ ကားလိုင်းတွေသွားလာရခက်ခဲနေပြီး ခရီးသွားလာဖို့စျေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရှိရပါတယ်။