DVB Logo
Home
မြန်မာသတင်း
ငွေတွင်းရွာတိုက်ခိုက်မှု ဘာသာရေးပစ်မှတ်ထားခြင်းမဟုတ်ဟု အရာတော် PDF ရှင်းလင်း
DVB
·
July 9, 2023
ငွေတွင်းရွာတိုက်ခိုက်မှု ဘာသာရေးပစ်မှတ်ထားခြင်းမဟုတ်ဟု အရာတော် PDF ရှင်းလင်း
Donate to DVB

အရာတော် PDF တွေက ငွေတွင်းရွာဘုန်းကြီးကျောင်းကို တိုက်ခိုက်တာဟာ ဘာသာရေးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ ပြည်သူတွေကို အနိုင်ကျင့်နေတာကို ကာကွယ်တာသာ  ဖြစ်တယ်လို့ အရာတော် PDF ခေါင်းဆောင်တွေက ပြောပါတယ်။ 

ဇူလိုင် ၆ ရက်နေ့က ဒေသတွင်း PDF တွေက ပျူစောထီးတွေအခြေစိုက်တဲ့ ငွေတွင်းရွာကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ပြည်သူ ၁၅ ယောက် သေဆုံးပြီး ဘုန်းကြီး ၃ ပါး အပါအဝင် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေက ထုတ်ပြန်ခဲ့ပါတယ်။ 

တိုက်ပွဲတွေ ဖော်ဆောင်ရာမှာတော့ နှစ်ဖက်လုံးက ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေ ကို အကာအကွယ်ယူပြီး တိုက်ခိုက်လေ့ရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ငွေတွင်းရွာ ဘုန်းတော်ကြီးကျောင်းကို PDF တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်၊ အပြစ်မဲ့ ပြည်သူတွေကို ကြိုးတုပ်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့ပါတယ်။

ငွေတွင်းရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ၊ ကြားလူသေဆုံးတာတွေ ရှိခဲ့တယ်ဆိုတာတွေကို ဒေသတွင်း PDF တွေက မငြင်းပေမဲ့ ကြိုးတုပ်ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာကတော့ စစ်ကောင်စီက ပုံကြီးချဲ့တာသာဖြစ်တယ်လို့ အရာတော်တိုက်နယ် ၉ ပြန်ကြားရေးမှူး ကိုညီသစ်က ဆိုပါတယ်။

"ဘုန်းကြီးကျောင်းကို မတိုက်ကြကြေး၊ ဘုရားကို မတိုက်ကြကြေးဆိုရင် ပြည်သူတွေနေတဲ့ရွာ တွေမှာ ဝင်မွှေပြီးတော့ ထင်တိုင်းကြဲတာတွေ၊ ဘုန်းကြီးတွေကို လူဝတ်လဲပြီးတော့ နှိပ်စက်တာတွေ၊ တခြားဘာသာရေးအဆောက်အဦတွေ ဗုံးကြဲတာတွေ မီးရှို့ဖျက်ဆီးတာတွေ၊ အဲ့လို ဖြစ်စဉ်တွေကိုတော့ ဘယ်လိုပြောမှာတုန်းပေါ့"

ငွေတွင်းရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးမှုတွေကို စစ်ကောင်စီကဖော်ပြခဲ့သလို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံပိုင် သတင်းစာတချို့ကလည်း ဒီသတင်းကို ဖော်ပြခဲ့ပါတယ်။ 

လက်တွေ့မြေပြင်မှာ ဇူလိုင် ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်းထဲ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို အသုံးပြုလို့မရခဲ့တာကြောင့် PDF တွေက တုံ့ပြန်တာတွေ ချက်ချင်း မလုပ်နိုင်ခဲ့ဘူးလို့ အရာတော် PDF ရင်း ၂၁၊ ခွဲမှူးက ပြောပါတယ်။

"နိုင်ငံတကာမှာ ဖော်ပြနေတဲ့ စာမျက်နှာတွေကို ပြောပြချင်တာပေါ့လေ။ တော်လှန်ရေးအင်အားစု တွေ ဝင်ရောက်တိုက်ခိုက်မှ အပြစ်တွေဘာတွေမြင်လာတယ်ဆိုတာ နိုင်ငံတကာအနေနဲ့ ပြန်လေ့လာသုံးသပ်ဖို့လိုတယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။ သူတို့က ဘာသာရေး အဆောက်အဦတွေ ဘုရားကျောင်းတွေမှာ တပ်စွဲထားပြီးတော့ ပြည်သူတွေကြတော့ လေယာဉ်တွေနဲ့ပစ်တယ်၊ ဗုံးတွေနဲ့ကြဲတယ်၊ အဲဒါကြတော့ နိုင်ငံတကာက မသိတာလား မမြင်တာလား ကျနော် အဲ့ဒါပြောချင်တာပါ"

ငွေတွင်းရွာတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ PDF ခေါင်းဆောင်တယောက်ကတော့ ပြည်သူကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားခဲတာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ငွေတွင်းရွာက ပျူစောထီးမဟုတ်တဲ့ ပြည်သူတွေကိုလည်း နေရပ်စွန့်ခွာထွက်လာဖို့နဲ့ စားဝတ်နေရေး တာဝန်ယူကြောင်း တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ခဲ့ပြီးသားဖြစ်တယ်လို့ အရာတော် Danger Force အဖွဲ့တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဗိုလ်ရန်ရှင်းက ပြောပါတယ်။

"ငြင်းဆိုတယ်ဗျ၊ ကိုယ့်ဘာသာ သာသနာပဲ။ လုပ်ခဲ့တာ မရှိဘူး၊ ကျနော်တို့လုပ်တာက တပ်စခန်းပဲ။ အငြိုးထားပြီးတော့မှ ကျနော်တို့ တိုက်ခိုက်ခဲ့တာလေ"

ဇူလိုင် ၆ ရက်နေ့မှာ ငွေတွင်းရွာဘုန်းတော်ကြီးကျောင်းကို PDF တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လက်တုံ့ပြန်တဲ့အနေနဲ့ ဇူလိုင် ၇ ရက်နေ့နဲ့ လက်ရှိအချိန်အထိ အရာတော်မြို့နယ် မင်းရွာ၊ ကဲဘာ၊ ညောင်ခြေထောက်ရွာတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့တုံ့ပြန်အကြမ်းဖက်မှုတွေကြောင့် အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း ၈ ရွာက ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီနေ့အထိ ပြည်သူ ၅,၉၃၈(အရပ်သား ၄,၈၇၈ ဦး နဲ့ အစိုးရဝန်ထမ်း ၁,၀၆၀ ဦး) ကျော် ထိခိုက်သေဆုံးခဲ့တာ ၊ PDF တွေရဲ့ အဖျက်အမှောင့်လုပ်ငန်း ကျူးလွန်တာတွေ၊ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို  အဟန့်အတားဖြစ်အောင် လုပ်ဆောင် နေတာတွေနဲ့ ၎င်းတို့ရဲ့ ဥပဒေပြင်ပလုပ်ရပ်တွေအတွက် ပြည်သူတွေကို ကာကွယ်ဖို့ အစိုးရအနေနဲ့ PDF အကြမ်းဖက်သမားတွေကို တုန့်ပြန်ဆောင်ရွက်ရတာလို့ ဇူလိုင် ၆ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာလုပ်တဲ့ ရန်ကုန်မြို့ အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ကို တွေ့ဆုံပွဲမှာ  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အသိပေးပြောကြားခဲ့ပါတယ်။

photo-dsinfo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013