

စပိန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်ဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးသီးကြွေကျတာနဲ့ လေပြင်း တိုက်ခတ်တာတွေကြောင့် ဇူလိုင် ၆ ရက်က ရေကြီးတာနဲ့အတူ လျှပ်စစ်ဓာတ်အား ပြတ် တောက်သွားပါတယ်။
အဲဒီဒေသအနှံ့အပြားမှာ အင်အားပြင်းမုန်တိုင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့ရာ မိုးရေချိန် ၂ လက်မ နီးပါးအထိ မြင့်တက်လာခဲ့တဲ့အတွက် လမ်းတွေပေါ်မှာ ရေတွေနဲ့ ဖုံးလွှမ်းနေတဲ့အပြင် မြစ်ရေလိုမျိုး စီးဆင်းနေတယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု များပြားရာကနေ ရေစီးသန်တဲ့အထိ အခြေအနေဆိုးရွားလာတာကြောင့် မော်တော်ကားတွေပါ မျောပါသွားတာကို တွေ့ရပါတယ်။
တချို့ လူတွေကလည်း ကားခေါင်မိုးနဲ့ သစ်ပင်ပေါ်တက်ပြီး လာရောက်ကယ်ဆယ်တာကို စောင့်ဆိုင်း နေခဲ့ကြပါတယ်။
မော်တော်ယာဉ်တွေပေါ်က အနည်းဆုံးလူ ၈ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲက ၄ ယောက်ဟာ အရွယ် မရောက်သေးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇာရာဂိုဇာ(Zaragoza) ပြည်နယ်တောင်ပိုင်းက ကွာတေ ဒီ ဝယ်ဗာ (Cuarte de Huerva) မြို့ငယ်လေးမှာဆိုရင် နေအိမ်တွေထဲအထိ ရေတွေဝင်ရောက်ခဲ့တယ်လို့ လာရာဇွန်(Larazon) သတင်းဌာနက ဖော်ပြထားပါတယ်။
အခုလိုမျိုး မိုးသည်းထန်စွာ ရွာသွန်းစေခဲ့တဲ့ မုန်တိုင်းဝင်ရောက်မှုတွေ ရှိနေပေမယ့်လည်း သေဆုံး၊ ဒဏ်ရာ ရတာမျိုးမရှိသေးဘူးလို့ ယူရိုဝစ်(ခ်)လီး (Euro Weekly) သတင်းဌာနအရ သိရပါတယ်။
Source-Reuters










