DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် ဘုတလင်တို့တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 7, 2023
မုံရွာနှင့် ဘုတလင်တို့တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ စွမ်းရည်ထက်ဆီဆိုင်ကနေ တောပု ပျူစောထီးရွာကို လက်နက်ခဲယမ်း ပို့ဆောင်လာတဲ့စစ်ကြောင်း ခဲယမ်းပို့ပြီးအပြန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက် ညနေ ၄ နာရီခွဲလောက်မှာ စွမ်းရည်ထက်ဆီဆိုင်ကနေ တောပုပျူရွာကို လက်နက်ခဲယမ်း ပို့ဆောင်ပြီး ပြန်လာတဲ့ အင်အား ၂၁ ဦးခန့်ပါ စစ်ကောင်စီ မြေပြင်စစ်ကြောင်းကို ပဒေသာမိုင်း ၅ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ Special Force-11(PDF) တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကြောင်းအလာတုန်းကတော့ မိုင်းကွင်းပေါ်က မသွားလို့ မဆွဲလိုက်ရဘူး။ စစ်ကြောင်းက တောပုပျူရွာကို လက်နက်ခဲယမ်း သွားပို့တာလို့ သတင်းအတိအကျရရှိလို့ အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ စစ်သား ၂ ယောက်ကတော့ နေရာမှာပဲ ပွဲချင်းပြီး မုန့်ဟင်းခါးဖြစ်သွားတယ်။ ကျန်တဲ့စစ်သား တော်တော်များများလည်း အပြင်းအထန် ဒဏ်ရာရတယ်။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိပါဘူးဗျ။”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Brave Heart Army (BHA)၊ Special Force-11(PDF)၊ MONYWA DYNAMITE၊ Myaung Revolution Army (MRA)၊ Peace Takers Task Force - PTTF၊ God of Monywa တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွက် အခက်အခဲတွေရှိနေပြီး မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းထုတ်လုပ်ဖို့ ပြည်တွင်းပြည်ပမှ မိဘပြည်သူတွေထံက ထောက်ပံ့မှုတွေ လိုအပ်နေပြီး ရဲဘော်တွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ စစ်ဘက်ဆိုင်ရာ မွမ်းမံသင်တန်းတွေလည်း လေ့ကျင့်သင်ယူနေကာ တော်လှန်ရေးကြီး အောင်တဲ့နေ့ထိ တိုက်ပွဲဝင်သွားပါမယ်လို့ Special Force-11(PDF) တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ Special Force-11(PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂ ရက်ကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းက စစ်ကောင်စီယာဉ်တန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေ ရှိခဲ့ပါသေးတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ကူတော်စခန်းကနေ ဘုတလင်မြို့ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေ ဆီက သိရပါတယ်။

ဇူလိုင် ၆ ရက် မနက် ၄ နာရီ မိနစ် ၅၀ လောက်မှာ စစ်ကောင်စီတပ်ဘက်က မြေပြင်စစ်ကြောင်းအင်အား ၅၀ ခန့်နဲ့ ဘုတလင်မြို့ပေါ်ကို စစ်ကြောင်းထိုးလာရာ မြောက်တောကြီးကျေးရွာအနီးမှာ မိုင်း ၅ လုံး ၂ နေရာ တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့လာမယ်ဆိုတာတော့ ဖရဲသီးသတင်းပေါ့နော်၊ အဲ့ဒါနဲ့ မိုင်းဆွဲတယ်၊ စစ်သား ၂ ယောက် ဒဏ်ရာရတယ်၊ ဖရဲသီးအတည်ပြုချက်အရ ညနေပိုင်းမှာ ဒဏ်ရာရသူ ၂ ယောက်ထဲက ၁ ယောက် သေသွားတယ်လို့ ပြောပါတယ်ဗျ။”

အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ တပ်ခွဲ-၄၊ ရွာဇော်ကြီး PDF၊ မုံရွာခရိုင်တပ်ရင်း-၁၃ တပ်ခွဲ-၂ GpGDS တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း အမြင့်မြို့ဟောင်းဘက်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်ကို လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ရှေ့ဆက် တိုက်ပွဲတွေ ဖန်တီးနိုင်ဖို့ လက်နက်ခဲယမ်း ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013