DVB Logo
Home
မြန်မာသတင်း
ထိုင်းကွန်ဒိုဝယ်ယူသူများထဲတွင် မြန်မာစစ်တပ်နှင့် ဆက်စပ်အသိုက်အဝန်းက ထိပ်ဆုံးရှိနေ
DVB
·
July 7, 2023
ထိုင်းကွန်ဒိုဝယ်ယူသူများထဲတွင် မြန်မာစစ်တပ်နှင့် ဆက်စပ်အသိုက်အဝန်းက ထိပ်ဆုံးရှိနေ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် ငွေကြေးဈေးကွက် ထိခိုက်မှုရှိလာပြီး ငွေကြေး ပိုလျှံသူတွေက ရင်းနှီးမြှုပ်နှံ တဲ့အနေနဲ့ ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ စတဲ့ ပြည်ပနိုင်ငံတွေမှာ နေအိမ်နဲ့ ကွန်ဒိုအခန်း ဝယ်ယူမှု များပြားလာတယ်လို့ ပြည်ပ အိမ်ခြေမြေ အကျိုးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်။

ထိုင်းသတင်းမီဒီယာတွေ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း ထိုင်းနိုင်ငံက ကွန်ဒိုအခန်းတွေကို နိုင်ငံခြားသား ဝယ်ယူတဲ့စာရင်းမှာ မြန်မာနိုင်ငံသားတွေ နံပါတ် ၁ နေရာမှာ ရှိနေပြီး အိမ်ခန်း တခန်းအတွက် ထိုင်းဘတ်ငွေ ၆ ဒသမ ၅ သန်းလောက် မြန်မာတွေ ရင်းနှီးမြှုပ်နှံလာကြတယ်လို့ ထိုင်းအခြေစိုက် နာမည်ကြီး Real Estate Agency မှ တာဝန်ရှိသူက ပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငွေကြေးဈေးကွက် ထိခိုက်မှုတွေ အဲဒါမျိုးတွေ ရှိလာတဲ့အခါမှာ အများစုကတော့ ပိုင်ဆိုင်မှုတခုကို ထိန်းထားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ထိုင်းနိုင်ငံက အိမ်ရာတွေကို ဝယ်လာကြတယ်။ အဲ့လို အိမ်ရာတွေ ဝယ်တဲ့အခါမှာလည်း ထိုင်းဥပဒေအရ တရားဝင် ဝယ်ယူခွင့် ဘာရှိလဲဆိုတော့ ကွန်ဒိုမီနီယံတွေ ဝယ်ယူခွင့်ရတဲ့အတွက် မြန်မာတွေက အများဆုံး ဝယ်ယူလာကြတယ်။ ဝယ်လာကြတာမှာ အရင်တုန်းကဆို 1 to 10 ထဲတောင် မဝင်ဖူးတဲ့ မြန်မာတွေက အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေး ဂယက်တွေ ရှိပြီးတဲ့နောက်မှာ ပထမ ဝယ်ယူတာမှာ အဆင့် ၇၊ အဆင့် ၇ ကနေ အဆင့် ၅၊ အခု ဒီနှစ် ဒီလမှာ အဆင့် ၁ အနေနဲ့ ဖြစ်လာတယ်။"

"ထိုင်းသတင်းဌာနတွေက ပြောသလို အိမ်ခန်းတခန်းအတွက်ကို မြန်မာတွေက ၆ ဒသမ ၅ သန်းလောက် ရင်းနှီးမြှုပ်နှံလာကြတယ်။ ဆိုတော့ အဲ့လိုမျိုးအထိ ဖြစ်လာတယ်။ ပထမနှစ်နဲ့ ဒီနှစ်မှာ ရွေးချယ် ဝယ်ယူတဲ့ ပုံစံကအစ ပြောင်းလာတယ်။ MRT, BTS လို ရထားရှိလား။ နောက်တခုကကျ ကျောင်းတွေဘာတွေ ရှိလား။ တချို့တွေကျ ကိုယ့်ရဲ့ ကလေးတွေကို ဒီမှာ ကျောင်းလာထားကြတယ်။ အဲဒါမျိုးအပေါ် မူတည်ပြီးတော့ စဉ်းစားပြီးတော့ ဝင်လာကြတယ်" လို့ Daewar ထိုင်းနိုင်ငံ နာမည်ကြီးကုမ္ပဏီတွေရဲ့ Real Estate Agency မှ တာဝန်ရှိသူ ဦးကြည်မင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာအများစုက ကွန်ဒိုအခန်းတွေကို ထိုင်းဘတ်ငွေ ၃ သန်းကနေ ၆ သန်းအတွင်း တန်ကြေး ရှိတဲ့ အခန်းတွေ ဝယ်ယူမှုများပြားပါတယ်။ ဒီနှစ်ပိုင်းမှာတော့ သွားလာရေး အဆင်ပြေမယ့်နေရာ၊ အချက်အချာ ကျတဲ့နေရာတွေနဲ့ ပြန်ငှားရင် ရမယ့် ဝင်ငွေအပေါ် မူတည်ပြီး စဉ်းစားချင့်ချိန် ဝယ်ယူလာကြတယ်လို့ ထိုင်းအခြေစိုက် Real Estate Agency တွေက ပြောပါတယ်။

ဒါ့အပြင် လာရောက် ဝယ်ယူသူတွေထဲမှာ စစ်တပ်နဲ့ ဆက်စပ် အသိုက်အဝန်းက အများဆုံးဖြစ်ပြီး အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေက ဒုတိယနေရာ၊ သာမန် ပြည်သူအရပ်သားတွေက တတိယနေရာမှာ ရှိနေတယ်လို့ ထိုင်းနိုင်ငံ နာမည်ကြီး Real Estate Agency တာဝန်ရှိသူက ပြောပါတယ်။

"ကျနော် တွေ့သမျှကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုက်အဝန်းကတော့ အများစုပဲ။ တချို့တွေဆို လက်ရှိ ရာထူးတွေနဲ့ ရှိနေတဲ့သူတွေ ကိုယ်တိုင်လည်း ဝယ်ကြတာရှိတယ်။ နောက်တခုကတော့ လုပ်ငန်းရှင်တွေပေါ့။ လုပ်ငန်းရှင်တွေလည်း ဝယ်ယူမှု အများဆုံးထဲပါတယ်။ ပုံမှန်ပြည်သူ အရပ်သားထဲက ဝယ်တာတော့ သူတို့ နှစ်ခုထက် စာရင်တော့ ပမာဏတခု ကွဟနေသေးတယ်"လို့ ဦးကြည်မင်းဟန်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကွန်ဒိုအခန်းတွေကို မြန်မာနိုင်ငံသားတွေ နှစ်အလိုက် ဝယ်ယူခဲ့တဲ့ အရေအတွက်က ၂၀၁၈ မှာ အခန်းပေါင်း ၄၈ ခန်း၊ ၂၀၁၉ မှာ ၅၄ ခန်း၊ ၂၀၂၀ မှာ အခန်းပေါင်း ၂၆ ခန်း၊ ၂၀၂၁ မှာ အခန်းပေါင်း ၃၀ ဝယ်ယူမှု ရှိခဲ့ပြီး ၂၀၂၂ မှာတော့ မြန်မာတွေ ဝယ်ယူခဲ့တဲ့ အခန်း အရေအတွက်က ၁၈၈ ခန်းအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုအခန်းတွေကို အများဆုံး ဝယ်ယူခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ စာရင်းမှာ မြန်မာက အဆင့် ၇ နေရာမှာ တည်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ စစ်ကောင်စီ လက်အောက်မှာ တိုင်းပြည် မငြိမ်မသက်မှုနဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု မရှိတော့တာကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွှေ့ နေထိုင်လာကြတာလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွန်ဒို ဝယ်ယူထားသူ တယောက်က ပြောပါတယ်။

"အခြေချနေထိုင်ဖို့ထက် ကျနော်တို့ တိုင်းရေးပြည်ရေး အခြေအနေ မကောင်းဖြစ်တဲ့အတွက် ကျနော်တို့ နေထိုင်တဲ့ဘဝမှာ လုံခြုံမှုတွေ မရှိတော့ဘူး။ အဲဒါအပြင် ကျနော်တို့ရဲ့ အနာဂတ်မှာ စဉ်းစားကြည့်ရင် ကျနော်တို့ရဲ့ မျိုးဆက်တွေ၊ ကလေးတွေ၊ မိသားစုတွေရဲ့ အနာဂတ်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာတယ်။ အဲဒါနဲ့အတူ ကျနော်တို့ရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဲဒါမျိုး အချက်အလက်တွေအားလုံး ဘက်စုံ ပေါင်းစုံကနေ ယုတ်လျော့လာတယ်။ ယုတ်လျော့လာတဲ့အတွက် ကျနော်တို့ အနေနဲ့ အတည်တကျ တသက်လုံး အခြေချ နေထိုင်တာထက်စာရင် ကျနော်တို့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ပြီးတော့ နေထိုင်ဖို့ စဉ်းစားတာ တခုရှိတယ်။"

"နောက်တခုက ကျနော်တို့ မြန်မာနိုင်ငံမှာ ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးသည် ကျနော်တို့ ပိုင်ဆိုင်တာ မဟုတ်ဘူးလို့ စတင် ခံစားလာရတယ်။ သိမ်းချင်ရင် သိမ်းမယ်။ ယူချင်ရင် ယူမယ်။ ဖျက်ဆီးချင်ရင် ဖျက်ဆီးမယ်ဆိုတဲ့ ကဏ္ဍတွေ ရှိလာတဲ့အတွက် ကျနော်တို့သည် ကျနော်တို့ ပိုင်ဆိုင်မှုတွေ မပျောက်ပျက်အောင် တစိတ်တပိုင်း ကာကွယ်သောအားဖြင့် ထိုင်းနိုင်ငံမှာ ကွန်ဒို ဝယ်ယူပြီးတော့ အခြေချ ပြောင်းရွှေ့ နေထိုင်ဖို့ စဉ်းစားရတဲ့ အချက်တွေ ဖြစ်လာပါတယ်"လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကွန်ဒို ဝယ်ယူထားသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒိုအခန်းတွေကို အများဆုံး ဝယ်ယူခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံစာရင်းထဲမှာ တရုတ်နိုင်ငံက အများဆုံး ဝယ်ယူခဲ့ပြီး အရေအတွက်အနေနဲ့ အခန်းပေါင်း ၃၅၆၂ ခန်း ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တနှစ်လုံး ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းပေါင်း ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး၊ ဒီနှစ် မှာတော့ ဇန်နဝါရီကနေ ဧပြီလအထိ ၄ လတာအတွင်း မြန်မာတွေ ကွန်ဒိုအခန်း ၇၆ ခန်း ဝယ်ယူထားတယ်လို့ REIC (The Real Estate Information Center) မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013