DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် ထိုင်းအစိုးရ သက်တမ်းတိုး
DVB
·
July 7, 2023
ရွှေ့ပြောင်းလုပ်သားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် ထိုင်းအစိုးရ သက်တမ်းတိုး
Donate to DVB

ထိုင်းမှာရောက်ရှိနေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က လုပ်သား ၅ သိန်းကျော် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ဖို့ လိုအပ်တဲ့ အထောက်အထားပါမစ်တွေရရှိအောင် ဆောင်ရွက်နိုင်ဖို့ ထိုင်းအစိုးရအဖွဲ့က နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို အခုလကုန်ထိ သက်တမ်းတိုးပေးဖို့ သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

ဒီ ဆုံးဖြတ်ချက်ကို ဇူလိုင်လ ၄ ရက်က ချမှတ်လိုက်တာဖြစ်ကြောင်း ထိုင်းအစိုးရရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ထရိုင်ဆူရီးတိုင်ဆာရာနာကူးလ်က ဇူလိုင်လ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ကနေ လာရောက်တဲ့ တရားမဝင်လုပ်သားတွေကို ပြစ်ဒဏ်မပေးဘဲ တရားဝင်အသိအမှတ်ပြုပေးမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၇ ရက်ကတည်းက  စတင်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

မေလ ၁၅ ရက်နေ့မှာ အဲဒီအစီအစဉ်ကို ပိတ်သိမ်းခဲ့တာဖြစ်ပေမဲ့ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကြောင့် နောက်ထပ် တရားမဝင်လုပ်သား ၅ သိန်းကျော်ဟာ ထိုင်းအလုပ်သမားရေး အာဏာပိုင်တွေဆီမှာ တရားဝင်မှတ်ပုံတင်ရခြင်းမရှိသေးတာကို သိရှိခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို သက်တမ်းထပ်တိုးလိုက်တာကြောင့် နောက်ထပ်နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအလုပ်သမားဥပဒေနဲ့ ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့  ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထရိုင်ဆူရီးတိုင်ဆာရာနာကူးလ်က “နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းအလုပ်သမားအင်အားစုအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို ကပ်ရောဂါအပြီး နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ထူထောင်ရာမှာလည်း အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ဒီအစီအစဉ်ကို သက်တမ်းတိုးပေးဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

အခုသက်တမ်းတိုးပေးလိုက်တဲ့ အစီအစဉ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို မှီခိုနေရတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့စေရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေကို အုပ်စု ၃ ခုခွဲကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အုပ်စု ၁ က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ကနေ တရားဝင် ပတ်စပို့နဲ့ လာရောက်ကာ ပတ်စပို့ သက်တမ်းကျန်နေပေမဲ့  သူတို့ရဲ့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ကို သက်တမ်းမတိုးရသေးသူတွေ၊ အုပ်စု ၂ က ထိုင်းနိုင်ငံသို့ အလုပ်ကတဆင့် ချိတ်ဆက်ကာ ဝင်ရောက်လာကြပြီး လုပ်ကိုင်နေကြသူတွေနဲ့ အုပ်စု ၃ ကတော့ ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်ခဲ့ကြပြီး တခါမှ အလုပ်လုပ်ကိုင်ခွင့်/ နေထိုင်ခွင့် ပါမစ်ကို မလျှောက်ထားဖူးသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013